တူရကီ ပြန်တိုက်ဖို့ ကာဒ်ဆီးရီးယားပူးပေါင်း

SANA သတင်းဌာနက ထုတ်လွှင့်ပေးတဲ့ ဆီးရီးယားစစ်သားတွေကိုTal Tamr ဒေသခံတွေက ကြိုဆိုတဲ့မြင်ကွင်း။ (Oct 14, 2019)

SANA သတင်းဌာနက ထုတ်လွှင့်ပေးတဲ့ ဆီးရီးယားစစ်သားတွေကိုTal Tamr ဒေသခံတွေက ကြိုဆိုတဲ့မြင်ကွင်း။ (Oct 14, 2019)

ဆီးရီးယားနိုင်ငံမြောက်ပိုင်းကိုဝင်တိုက်တဲ့ တူရကီတပ်တွေကို ပြန်တိုက်ဖို့ ဆီးရီးယားနိုင်ငံထဲက Kurd လူမျိုးတွေနဲ့ သဘောတူမှုရခဲ့ပြီး နောက်တရက်မှာပဲ ဆီးရီးယားတပ်တွေ တူရကီနဲ့နယ်စပ်မြို့တခုကို ဒီကနေ့ ရောက်ရှိလာပါတယ်။

နယ်စပ်နဲ့ ကီလို ၂၀ လောက်သာဝေးတဲ့ Tal Tamr မြို့ကို ဆီးရီးယားအစိုးရတပ်တွေ ရောက်သွားပြီလို့ အစိုးရပိုင် SANA သတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ တူရကီရဲ့ ရန်လိုမှုကို ရင်ဆိုင်ဖို့ ရောက်သွားတဲ့တပ်တွေကို ဒေသခံ Kurd တွေက ကြိုဆိုကြတယ်လို့ သတင်းကပြောပါတယ်။ Kurd တပ်တွေဘက်ကနေ တူရကီကို တိုက်ခိုက်ပေးဖို့ Kurd လူမျိုးတွေ၊ ဆီးရီးယားတွေနဲ့ ဆီးရီယားရဲ့ အဓိကမဟာမိတ် ရုရှားတို့ကြား ထူးထူးခြားခြား သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

ဆီးရီးယားမြောက်ပိုင်းမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အားလုံးနီးပါးကို အမေရိကန်က ရုပ်သိမ်းခဲ့ပြီးနောက် တူရကီတပ်တွေဘက်က ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ၄ ရက်အကြာမှာ ခုလို သဘောတူညီမှု ရယူခဲ့တာဖြစ်ပါတယ်။တူရကီဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တူရကီနဲ့ ထိဆက်နေတဲ့ ဆီးရီးယားနယ်စပ်တလျှောက် ဆီးရီးယားတပ်တွေချထားဖို့အတွက် ဆီရီးယားနယ်စပ်နဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့တာဝန်ရှိတဲ့ ဆီးရီးယားအစိုးရနဲ့ သဘောတူခဲ့တယ်လို့ Kurd တွေဘက်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီဒေသကနေ IS စစ်သွေးကြွတွေကို အမေရိကန်တပ်တွေနဲ့အတူ အဓိက တိုက်ထုတ်ပေးခဲ့တဲ့ SDF Kurd တပ်တွေက အမေရိကန်တွေဘက်က သူတို့ကို လုံးဝပစ်ပယ်သွားသလို အာရပ်ကမ္ဘာကရော ကုလသမဂ္ဂလုံခြုံရေးကောင်စီကပါ လျစ်လျှူရှုထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆီးရီးယားမြောက်ပိုင်းမှာ နောက်ဆုံးကျန်တဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁ ထောင်ကို ရည်ရွယ်ချက်ရှိရှိ ရုပ်သိမ်းသွားမယ်လို့ ကာကွယ်ရေးဝန်ကြီး Mark Esper က တနင်္ဂနွေနေ့က မေးမြန်းခန်းတခုမှာ ပြောကြားသွားပါတယ်။

Unicode




