သမ္မတ ဘက်ရှာအယ်လ်အာဆဒ် ပြုတ်ကျပြီး ဆီးရီးယားနိုင်ငံရဲ့ အကူးအပြောင်း လမ်းကြောင်းကို ရွေးချယ်ရေး အတွက် ဆီးရီးယားနိုင်ငံရဲ့ အဓိက အတိုက်အခံ အဖွဲ့ကြီး နှစ်ဖွဲ့ စည်းလုံးညီညွတ်သွားကြပြီ ဖြစ်ပါတယ်။
တကယ်လို့ ဆန္ဒပြပွဲတွေကြောင့် သမ္မတ အာဆဒ် ရာထူးက နုတ်ထွက်သွားရပြီ ဆိုရင် ဒီမိုကရေစီအုပ်ချုပ်ရေး ဘယ်လိုဘယ်ပုံ ထူထောင်ကြမယ် ဆိုတာကို ဆီးရီးယား အတိုက်အခံ အဖွဲ့ကြီး နှစ်ဖွဲ့ဖြစ်တဲ့ Syrian National Council နဲ့ National Coordination Body for Democratic Change (NCB) နှစ်ဖွဲ့တို့က သောကြာနေ့က သဘောတူညီချက် တစ်ရပ်ကို ကိုင်ရိုမြို့မှာ လက်မှတ်ရေးထိုး လိုက်ကြတာပါ။
အစိုးရဆန့်ကျင် ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွဲမှုတွေ ရပ်တန့်သွားခြင်းရှိမရှိ အာရပ်အဖွဲ့ချုပ်က အကဲခတ် စောင့်ကြည့်သူတွေ ဆီးရီးယားနိုင်ငံကို ရောက်ရှိနေပေမဲ့ အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာ အခုလို သဘောတူညီမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သမ္မတ ဘက်ရှာ အယ်လ်အာဆဒ် နုတ်ထွက်ပေးဖို့ ထပ်မံ တောင်းဆိုတဲ့အနေနဲ့ သိန်းနဲ့ချီတဲ့ လူတွေဟာ ဆီးရီးယားနိုင်ငံအနှံ့က လမ်းတွေပေါ်မှာ သောကြာနေ့က ထွက်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဆီးရီးယားအစိုးရအနေနဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ စောင့်ကြည့် အကဲခတ်အဖွဲ့တွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်နဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ကုလသမဂ္ဂက ပြစ်တင် ဝေဖန်လိုက်ပါတယ်။