ဆီးရီးယားအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချဖို့ ပြင်ဆင်

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချဖို့ ပြင်ဆင်

ဆီးရီးယားနိုင်ငံက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချဖို့ အနောက်နိုင်ငံတွေက အားပေး ထောက်ခံမှုနဲ့ ရေးထားတဲ့ မူကြမ်းကို လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ တင်သွင်းမယ်ဆိုရင် ဒါဟာ မသမာမှုပဲလို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov က ဝေဖန်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ရုရှားဘက်က အချက်နှစ်ချက်ကို ပြင်ချင်တယ်လို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်မလာနိုင်အောင် အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေနဲ့ အစိုးရထောက်ခံရေး အင်အားစုတွေကို ညီညီမျှမျှ ဆက်ဆံဖော်ပြသင့်တယ် လို့လည်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ ဆီးရီးယား ပဋိပက္ခမှာ နိုင်ငံခြားက ဝင်ရောက်မှုတွေ ရှိလာနိုင်ခြေ ကိစ္စတွေနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို တံခါးပိတ် ဆွေးနွေး သင့်တယ်လို့လည်း ဆိုပါတယ်။

ဂျာမဏီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပမယ့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများရဲ့အစည်းအဝေးကို သွားပြီးမတက်ရောက်ခင် မော်စကိုလေဆိပ်မှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို အခုလိုပြောခဲ့တာပါ။ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာတော့ ဆီးရီးယားအရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့ မဲခွဲဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဆီးရီးယားနိုင်ငံ အတွင်းမှာတော့ အစိုးရတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ လူ ၂၀၀ ကျော် ဟုမ်းစ်မြို့မှာ သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ သောကြာနေ့ကစပြီး ဟုမ်းစ်မြို့မှာ အကြမ်းဖက်မှုတွေ ပြန်ပြီး မြင့်တက်လာခဲ့တာပါ။ မနေ့တုန်းက ဟုမ်းစ်မြို့က အကြမ်းဖက်မှုတွေမှာ ရာနဲ့ချီတဲ့လူတွေလည်း ဒဏ်ရာတွေ ရခဲ့ပြီး အဆောက်အဦးတွေလည်း ဒါဇင်နဲ့ချီပြီး ပျက်စီးခဲ့ရတယ်လို့ ဆီးရီးယားအရေး စောင့်ကြည့်လေ့လာနေတဲ့ လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။

ဟုမ်းစ်မြို့ဟာ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ တက်တက်ကြွကြွ ရှိနေတဲ့ မြို့ဖြစ်ပြီး နိုင်ငံရဲ့ အနောက်ပိုင်း လက်ဘနွမ်နိုင်ငံ နယ်စပ်ရဲ့အနီးနားမှာ ရှိပါတယ်။ ၁၁ လလောက်ကြာအောင် ဖြစ်ပွားလာနေတဲ့ ဆီးရီးယားနိုင်ငံက အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဟုမ်းစ်မြို့က လှုပ်ရှားမှုတွေက အဓိကကျခဲ့ပါတယ်။