ဆီးရီးယားနိုင်ငံ ဟုမ်းစ် (Homs) မြို့မှာ ပိတ်မိနေကြတဲ့ ဒဏ်ရာရ ဒုက္ခသည်တွေ အတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ စနေနေ့မှာ ပြန်စနိုင်ခြင်း မရှိဘူးလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က ပြောပါတယ်။
အစိုးရနဲ့ အတိုက်အခံ အင်အားစုတွေနဲ့ စနေနေ့က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးမှုက သိသာတဲ့ ရလဒ်တွေ ထွက်မလာဘူးလို့ ICRC ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ဟုမ်းစ်မြို့ထဲဝင်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နိုင်ရေးအတွက် ဆွေးနွေးမှုတွေကို တနင်္ဂနွေနေ့မှာ ဆက်လက် ပြုလုပ်သွားမယ်လို့ ICRC ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
မြို့တွင်းမှာ ပိတ်မိနေကြတဲ့ ဒုက္ခသည်တွေကို အကူအညီတွေ ပေးနိုင်ရေးအတွက် ဆီးရီးယား အစိုးရဘက်က တနေ့မှာ ၂ နာရီလောက် အပစ်အခတ် ရပ်စဲပေးဖို့ သူတို့အနေနဲ့ တောင်းဆိုနေတာ ဖြစ်တဲ့အကြောင်း ICRC ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။
သောကြာနေ့တုန်းကတော့ ဟုမ်းစ်မြို့ Baba Amr အရပ်ကနေ ဒဏ်ရာရ ကလေးငယ်နဲ့ အမျိုးသမီး ၂၀ လောက်ကို ICRC နဲ့ ဆီးရီးယား အာရပ် လခြမ်းနီအဖွဲ့တို့က ကယ်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့အနေနဲ့ ဒဏ်ရာရနေကြတဲ့ အနောက်တိုင်း သတင်းထောက် ၂ ယောက်နဲ့ သေဆုံးသွားကြတဲ့ အနောက်တိုင်းသတင်းထောက် ၂ ယောက်တို့ကို အခုချိန်ထိ အပြင်ကို ကယ်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
ဆီးရီးယားအစိုးရက စနေနေ့မှာ ဟုမ်းမြို့ကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် အထဲမှာ ပိတ်မိနေကြတဲ့ ထောင်ပေါင်းများစွာသော ဒုက္ခသည်တွေဟာ အပြင်ကို မထွက်နိုင်ဘဲ ဖြစ်နေကြတာပါ။