ဆီးရီးယား လုံခြုံရေးတပ်နှိပ်ကွပ်မှုကြောင့် လူ ၇,၅၀၀ ကျော်သေဆုံး

ဆီးရီးယား လုံခြုံရေးတပ်နှိပ်ကွပ်မှုကြောင့် လူ ၇,၅၀၀ ကျော်သေဆုံး

ဆီးရီးယားနိုင်ငံက အစိုးရဆန့်ကျင်ရေး လှုပ်ရှားသူတွေရဲ့ အမာခံနယ်မြေ ဟုမ်းစ် (Homs) မြို့ကို အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက မြေပြင် ထိုးစစ်တွေ စတင် ပြုလုပ်နေပါပြီ။ အစိုးရက ဗုံးကျဲ တိုက်ခိုက်မှုတွေ သီးတင်း ၃ ပတ်ကျော်ကြာ ဆက်တိုက် ပြုလုပ်နေတဲ့အတွက် ရာပေါင်းများစွာ သေဆုံးခဲ့ပြီး အသက်ရှင် ကျန်နေသူတွေဟာလည်း စားနပ်ရိက္ခာ၊ ရေနဲ့ ဆေးဝါးတွေ ပြတ်တောက်တဲ့ဒဏ်ကို ခံနေရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကဖြစ်ပွားတဲ့ တိုက်ပွဲတွေကတော့ ဟုမ်းစ် မြို့က Baba Amr ဒေသမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ အဲဒီ Baba Amr ဒေသကို အပြီးသတ် ထိုးစစ်ဆင်နိုင်ဖို့ ရည်ရွယ်တဲ့အနေနဲ့ ဆီးရီးယားအစိုးရက ခြေလျင်တပ်တွေနဲ့ တင့်ကားတွေ အင်္ဂါနေ့မှာ ပို့လိုက်တာဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ဒီအတောအတွင်း ဆီးရီးယားနိုင်ငံမှာ ဖြစ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေအပေါ် သမ္မတ Bashar al – Assad အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အတွက် ၇,၅၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ အဆင့်မြင့် ကုလသမဂ္ဂအရာရှိက ပြောလိုက်ပါတယ်။ ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ ပြေလည်ရေးနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ထောက်ပံ့နိုင်ရေးတို့အတွက် နိုင်ငံတကာက သံတမန်ရေးနည်းလမ်း ကြိုးပမ်းနေကြတဲ့အချိန် အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အစိုးရရဲ့ အကြမ်းဖက် နှိပ်ကွပ်မှုတွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် ဆီးရီးယား နိုင်ငံထဲမှာ တစ်နေ့ကို လူ ၁၀၀ လောက် သေဆုံးနေတယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ ရရှိထားတဲ့အကြောင်း ကုလသမဂ္ဂ နိုင်ငံရေးဆိုင်ရာ အကြီးအကဲ Lynn Pascoe က အင်္ဂါနေ့မှာ ပြောလိုက်တာပါ။ အစိုးရရဲ့ တိုက်ခိုက်မှုကို သီတင်းပတ် အတော်ကြာကြာ ခံနေရတဲ့ ဒေသတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့နိုင်ရေးအတွက် တိုင်းပြည်အတွင်း ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အဆိုပြုချက် မူကြမ်းတစ်ခုကို သံတမန်တွေက ရေးဆွဲနေတဲ့အကြောင်း ပြင်သစ်နိုင်ငံက အင်္ဂါနေ့မှာ ပြောပါတယ်။