ဆီးရီးယားနိုင်ငံအတွင်းက အစ္စလာမ် အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေထံ နိုင်ငံခြားက ရောက်လာကြတဲ့ တိုက်ခိုက်ရေးသမား အရေအတွက် တိုးများလာပြီး သူတို့ရဲ့သြဇာ ကြီးထွားလာနေချိန်မှာပဲ တိုင်းပြည်အတွင်း ကြီးမားတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။
တိုက်ပွဲတွေရဲ့ အကျိုးသက်ရောက်မှုဟာ ဆီးရီးယားနိုင်ငံအတွင်းမှာတင် မဟုတ်တော့ဘူးလို့ ကုလသမဂ္ဂ ကော်မရှင်က ထုတ်ပြန်တဲ့ အစီရင်ခံစာ အသစ်ထဲမှာ ဖော်ပြထားပါတယ်။
အစ္စလာမ်တိုင်းပြည် တည်ထောင်ဖို့ ကြိုးစားနေတဲ့ အဲဒီအစွန်းရောက်အဖွဲ့ဟာ ဆီးရီးယားနိုင်ငံ အရှေ့ခြမ်း အများစုနဲ့ အီရတ်နိုင်ငံ မြောက်ပိုင်းဒေသတွေကို သိမ်းပိုက်ထားတယ်လို့ ကော်မရှင်အကြီးအကဲ Paulo Pinheiro က ပြောပါတယ်။
အီရတ်နိုင်ငံအတွင်း နယ်မြေတွေ သိမ်းပိုက်လိုက်နိုင်မှုက သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးလိုက်ပြီး သူတို့သြဇာ ပိုကြီးအောင် တခြား သူပုန်အဖွဲ့တွေကိုလည်း လိုက်လံ တိုက်ခိုက်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆီးရီးယားနိုင်ငံအတွင်းက မတူညီတဲ့ သူပုန်အဖွဲ့ ၂ ဖွဲ့က အစ္စရေးလ်နယ်စပ်က Golan ကုန်းမြင့်ကို ဆက်သွယ်ထားတဲ့ နယ်ခြားဒေသကို ဗုဒ္ဓဟူးနေ့က သိမ်းပိုက်လိုက်ပြီး ဆီးရီးယားနိုင်ငံသား ၂၀ ကိုလည်း သတ်ဖြတ်ပစ်လိုက်ကြပါတယ်။
အဲဒီတိုက်ပွဲတွေက အစ္စရေးလ်နိုင်ငံထဲအထိ ကူးစက်လာနေတာမှာ အစ္စရေးလ်အရာရှိတဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ အစ္စရေးလ် စစ်တပ်က ပြောပါတယ်။