ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ဇူလိုင် ၁၃ ရက်မနက် အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဝမ်ကောင်းရပ်ကွက်မှာ မြေထိန်းအုတ်နံရံ ပြိုကျပြီး နံဘေးက အိမ်တွေပေါ် ပိခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် လူ ၇ ဦး သေဆုံးခဲ့ရပြီး နေအိမ် နှစ်လုံးလည်း ပျက်စီးခဲ့ရပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ညအိပ်ချိန်မှာ မိုးသည်းထန်စွာရွာသွန်းပြီး အိမ်ဘေးတဝိုက် ကာရံထားတဲ့ အုတ်တံတိုင်းတွေ ပြိုကျခဲ့တာကြောင့် အိပ်ပျော်နေတဲ့ ကလေးတွေအပါအဝင် လူ ၇ ဦးဟာ ပြိုကျသွားတဲ့ အဆောက်အဦးကြားက မြေကြီးတွေထဲ နစ်မြုပ် သေဆုံးခဲ့ကြရပါတယ်။ ကယ်ဆယ်ရေး လုပ်ငန်းတွေကို မနက် ၁ နာရီကျော်က စတင်နိုင်ခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူတချို့ကို အပျက်အစီးတွေကြားက ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးနေတဲ့ တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးလှမိုးကို ဗွီအိုအေက မေးမြန်းတဲ့အခါ မြေပြိုမှုနဲ့ ကယ်ဆယ်ရေးလုပ်ငန်းအခြေအနေကို သူက အခုလို စပြောပါတယ်။
“ဖြစ်ဖြစ်ချင်း ည တစ်နာရီခွဲ ဝန်းကျင်လောက်မှာ ဓမ္မသစ္စာ ကျောင်းထိုင်ဆရာတော်ကနေပြီးတော့ ကျနော့်ဆီကို ဖုန်းဆက်လာတာပေါ့နော်၊ ကျနော်တို့က ကယ်ဆယ်ရေးအဖွဲ့တွေ ဆိုတော့လေ။ ဖုန်းဆက်လာပြီးတော့ ကျနော်တို့အဖွဲ့ဝင်အင်အားတွေသုံးတဲ့အခါ မနိုင်ဘူးလေ။ မနိုင်တဲ့အခါကျတော့ မီးသတ်အဖွဲ့အစည်းကိုလည်း အကူအညီတောင်းရတယ်၊ ရပ်ရွာကိုလည်း အကူအညီတောင်းရတာပေါ့။ ည တစ်နာရီလောက်က စပြီး ကျနော်တို့ ကြိုးစားလိုက်တာ မနက် ၈ နာရီလောက်မှပဲ ကယ်ထုတ်လို့ရပါတယ်။ အိမ်တွေက ဖိထားလိုက်တာပေါ့နော်။ အိပ်ချိန်ဆိုတော့ သူတို့ ပြေးချိန်မရလိုက်ဘူး။”
မေး။ ။..ဆိုတော့ လူ အသေအဆုံး ဘယ်လောက်ရှိလဲရှင့်။
“လူအသေအဆုံးက အားလုံးပေါင်းဆိုလို့ရှိရင်တော့ ၇ ယောက်ပါ။ လူကြီးက အမေ အမေ၊ အဖေ အမေက နှစ်စုံပါ။ ကျောင်းသားကလေးက နှစ်ယောက်ပါ။ ၈ လသား ကလေးလေးက တစ်ယောက်ပါ။ သူတို့က တောင်မြေတွေ ရှိတယ်လေ။ တောင်မြေတွေရဲ့အခြေမှာ သူတို့က အိမ်တန်းလျားပေါ့။ အခန်း လေးခန်းဆောက်ပြီးတော့ သူတို့က နေကြတာ။ နေကြတဲ့အခါကျတော့ ဟိုဘက်ခန်း ဒီဘက်ခန်း အလယ်ခန်းနှစ်ခန်းကတော့ မနေ့တနေ့ကမှ ရွှေ့သွားကြတယ်။ ဟိုဘက်ခန်း၊ ဒီဘက်ခန်း နှစ်ခန်းမှာရှိတဲ့ မိသားစုတွေ အကုန်သေတာပေါ့။”
မေး။ ။ ချောင်းရှိလို့လား၊ အဲဒီနားမှာ။
“ချောင်းလည်း မရှိဘူး၊ မြေက အုတ်တံတိုင်းခတ်ထားတာ၊ မိုးကတအားရွာတော့ အုတ်တံတိုင်းကနေပြီး ဒီမြေတွေက မခံနိုင်တော့ဘူးပေါ့။ အုတ်တံတိုင်းကလည်း ကာဗာက သေးတယ်လေ။ အုတ်တံတိုင်းကပဲ အိမ်ကို ဖိလိုက်တာပေါ့။ တခါတည်းပြိုကျသွားတာ ပြေးချိန်လည်း မရှိလိုက်တော့ပါဘူး။”
မေး။ ။ တာချီလိတ်မြို့ရဲ့ ဘယ်နေရာလောက်မှာ ဖြစ်တာလဲရှင့်။
“တာချီလိတ်မြို့ရဲ့ ကချင်ရွာပေါ့။ ဝမ်ကောင်း ကချင်ရွာလို့ခေါ်ပါတယ်။ ဝမ်ကောင်းရပ်ကွက်လေ။ ကချင်ရွာ ဓမ္မာ့သစ္စာ ဘုန်းကြီးကျောင်းနားပေါ့နော်။”
မေး။ ။ အခု နောက်ထပ်ရော အထဲထဲမှာ ရှာမတွေ့သေးတဲ့လူတွေရော ရှိသေးလားရှင့်။
“မရှိတော့ပါဘူး။ ကျနော်တို့ အားလုံး သေချာပြီဆိုမှပဲ ကျနော်တို့ နာရေးကူညီမှုအသင်းက မိန်းကလေးတွေ၊ ယောက်ကျားလေးတွေ အကုန်ဝိုင်းပြီး ကူပေးနေကြတယ်။ အားလုံးကုန်သွားလို့လေ။”
မေး။ ။ အသက်ရှင်တာရော ရှိလားရှင့်။
“အသက်ရှင်တာကတော့ ဒဏ်ရာ အနည်းငယ်ရတဲ့လူလေးတွေတော့ သုံး-လေးယောက်လောက် ရှိပါတယ်။”
“ဦးလှမိုးနဲ့အတူ အစိုးရအာဏာပိုင်တွေဘက်က ဘယ်သူတွေက လာ ကယ်ဆယ်ရေးလုပ်လဲရှင့်။”
“အစိုးရဘက်က အာဏာပိုင်တွေကဆိုရင် မီးသတ်ဦးစီးဌာနက လာတယ်၊ ဗျူဟာတပ်က ရှိသမျှ အင်အားတွေ အကုန်လုံး လာပါတယ်။ တပ်ရင်းမှူး ကိုယ်တိုင်လည်း ပါပါတယ်။”
အုတ်နံရံပြိုကျပြီး ရွှံ့မြေတွေအတွင်း ပိတ်မိပြီး ကွယ်လွန်ခဲ့ကြသူတွေကတော့ အသက် ၃၈ နှစ်အရွယ် ဦးကျော်ထွေးလင်း၊ အသက် ၃၇ နှစ်အရွယ် ဒေါ်ရင်နုနဲ့ လသားအရွယ် ကလေးငယ်တစ်ဦး၊ အသက် ၄၅ နှစ်အရွယ် ဦးခင်မောင်သောင်း၊ အသက် ၂၅ နှစ်အရွယ် ဒေါ်ဝင်းဆန်းနဲ့ ကလေး ၂ ဦးပါ မိသားစု နှစ်စု ဖြစ်ကြပါတယ်။
ညသန်းကောင်မှာဖြစ်ခဲ့တဲ့အတွက် ထွက်ပြေးချိန်မရလိုက်ဘဲ သေဆုံးမှုဖြစ်ခဲ့တာ ဖြစ်သလို ပကတိမြေသားပြင်မှာ အိမ်တွေ ဆောက်ထားတာမဟုတ်ဘဲ ဖို့မြေတွေအပေါ်မှာ အိမ်ဆောက်ထားတာဖြစ်တဲ့အတွက် အခုလို မြေပြို မြေပိပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ကြရတာပါ။
တောင်စောင်းထိပ်မှာ ဆောက်ထားတဲ့အိမ်ရဲ့ အောက်ခြေ တောင်ခါးပန်းကို ဝန်းခတ်ကာရံထားတဲ့ နံရံတွေက အိမ်နားမှာ နီးကပ်လွန်း နေတာကြောင့်လည်း ပြိုကျသွားတဲ့ နံရံတွေက အိမ်တွေပေါ် ဖိမိပြီး ထပ်ဆင့်ပြိုကျ ပျက်စီးခဲ့ပြီး လူတွေ ထွက်ပေါက်မရှိဘဲ ပိတ်မိသေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။