တာချီလိတ် ရေဘေးသင့်

တာချီလိတ် ရေလွှမ်းမိုး။ (သတင်းဓာတ်ပုံ ကိုကောင်းခန့်လင်း)

ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမူတွေ ကြောင့် နှစ်ပေါင်း ၁၅ နှစ်ကျော် အတွင်း ဒီတလထဲမှာ ဒုတိယအကြိမ် တောင်ကျရေတွေ ကျလာပြီး ရုတ်တရက် ရေကြီးမူတွေ ရှိနေတာကြောင့် မဲဆိုင်၊ တာချီလိတ် ချစ်ကြည်ရေး တံတားကို ယာယီပိတ်ခဲ့ရသလို ရေကြီးမူတွေ အတွင်းလူတွေ မျောပါ၊ ပျောက်ဆုံး မူတွေ ရှိနေတယ်လို့ ဆိုပါတယ်။ မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့မှာ စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၂နာရီကျော် အချိန်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် တောင်ကျရေတွေ ရုတ်တရက် ဝင်လာပြီး ရေကြီးရေ လျှံမူတွေ ဖြစ်ခဲ့ပါတယ်။ ထောင်နဲ့ချီ ရှိတဲ့ လူထုတွေ ဒုက္ခရောက်နေကြောင်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ တာချီလိတ်မြို့က သံဃာတပါးက အခုလို ရှင်းပြပါတယ်။

" မနေ့ညက ရွာခဲ့တဲ့ မိုးကြောင့်ပေါ့။ မနေ့ကညက ည နှစ်နာရီလောက်မှာ စပြီးတော့ ရေကြီးတယ်။ ရေကြီးတဲ့အခါကျတော့ လက်ရှိအနေအထားကတော့ ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေး တံတားကိုလည်း နှစ်နိုင်ငံ သဘောတူ ပိတ်လိုက်တယ်။ နောက်ပြီးတော့ တာချီလိတ်မှာလည်း ရပ်ကွက်၊ မဲခေါင်ရပ်ကွက် အစရှိတဲ့ ရပ်ကွက် တချို့မှာလည်း ရေကြီးမှုတွေ ခံနေရတယ်။ လက်ရှိ အနေအထားကတော့ တာချီလိတ်မြို့ရဲ့ အလည်ခေါင် မဲခေါင်ရပ်ကွက်မှာတော့ ပစ္စည်းတွေ မျောပါနေတယ်။ လူတွေလည်း ဒုက္ခရောက်တယ်။ လူတွေလည်း ထောင်နဲ့ချီပြီး အားလုံးက ဒုက္ခရောက်နေကြတယ်။

ဒီကနေ့ ရေဘေးသင့်တဲ့ တောင်ကျရေကြောင့် ရေဘေး ဒုက္ခသည် သောင်းနဲ့ချီ ရှိပါတယ်။ သူ့ယောက်ကျားရော ကလေးရော ရေထဲ ပါသွားလို့တဲ့။ လမ်းမမှာ ငိုနေတယ်။ တာချီလိတ်မြို့ရဲ့ အလည်ခေါင်မှာ လူတွေ ဝိုင်းမေးနေကြတဲ့အခါကျတော့ သူ့ယောက်ကျားနဲ့ ကလေးက ရေထဲပါသွားပြီတဲ့ အဲ့တာကြောင့် ငိုနေတယ်ပြောပါတယ်။ နှစ်နာရီလောက်မှာ ရေကြီးတယ်။ ငါးနာရီလောက်မှာ တံတားစ ပိတ်လိုက်တယ်။ ယခုချိန်ထိ နှစ်ဘက်စလုံး သွားလာလို့မရသေးဘူး။"

နှစ်နိုင်ငံ ကုန်သွယ်မူလုပ်နေတဲ့ မဲဆိုင်၊ တာချီလိတ် ချစ်ကြည်ရေးတံတားကို သစ်တုံးတွေ အမှိုက်တွေ ရိုက်ခတ်မူတွေ ရှိနေတာကြောင့် ဒီနေ့ ယာယီပိတ်ပြီး အမှိုက် ရှင်းလင်းမူတွေလည်း လုပ်နေရပါတယ်။ ရပ်ကွက်တချို့ အိမ်ခေါင်မိုးထိ ရေနစ်မြုပ်နေတဲ့ အတွက် လူတွေကိုဘေးလွတ် ရာရွှေ့ ပြောင်းပေးနေပြီး စားသောက်ရေး အကူညီတွေပေးနေတယ်လို့ တာချီလိတ်မြို့ နာရေးကူညီမူ အသင်း ဥက္ကဋ္ဌ ဦးလှမိုးကလည်း ပြောပါတယ်။

"အခြေအနေကတော့ ကျနော်တို့အသင်းအနေနဲ့ လက်ရှိအခြေအနေပေါ် မူတည်ပြီး လိုအပ်သလို ကူညီနေပါတယ်။ လက်ရှိကတော့ ပြီးခဲ့တဲ့အပတ် ကထက် ရေပိုကြီး တယ်ဗျ။ တချို့နေရာတွေဆိုရင် လည်ပင်းလောက် အထိ မြုပ်တယ်။ ရေဘေး ကယ်ဆယ်ရေး လူတွေကို ကယ်တင်ပေးတယ်။ ထမင်းထုတ် လိုက်ဝေမှာပေါ့နော်။ လောလောဆယ်က စားဝတ်နေရေးကို ဖြေရှင်းပေးတယ်။"

ရုတ်တရက်ကျလာတဲ့ တောင်ကျရေကြောင့် တမြို့လုံးနီးပါးမှာ ရေတွေဝင်လာပြီး အိမ်တွေ၊ ဆိုင်တွေက ပစ္စည်းတွေတောင် ရွှေ့ချိန်၊ သယ်ချိန်မရခဲ့တဲ့ ရပ်ကွက်တွေရှိနေသလို မဲဆိုင်ချောင်း နဘေး နေထိုင်နေတဲ့ မိသားစုတွေ ထဲက တချို့ ရေထဲပါသွားလို့ ပျောက်ဆုံးနေတယ်လည်း ကယ်ဆယ်ရေး လုပ်နေသူတွေကဆိုပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနရဲ့ဒုညွှန်မှူး ဦးကျော်လွင်ဦး ကတော့ မြန်မာနိုင်ငံတဝှမ်း စိုးရိမ်ရတဲ့နေရာတွေကို သတိပေးချက်တွေ ထုတ်ပြန်ထားပြီး စက်တင်ဘာလ ၁၈ရက်နေ့ တိုင်းထွာချက်တွေအရ မိုးကြီးရေလျှံ ဖြစ်နေရတဲ့ နေရာဒေသတွေကိုလည်း ပြောပြခဲ့ပါတယ်။

" ဒီကနေ့ မိုးလေဝသ အခြေအနေအရဆိုရင် အများဆုံး မိုးရွာသွန်းခဲ့တဲ့ ဒေသ ကတော့ လောင်းလုံမြို့မှာ ၈.၅ လက်မ၊ ရေးမြို့မှာ ၆.၉၃ လက်မ၊ ဘားအံမြို့မှာ ၆.၁၈ လက်မ ပေါင်မြို့မှာ ၅.၈၇ လက်မဆိုပြီးတော့ မြန်မာနိုင်ငံ အထက်ပိုင်းရယ်။ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းရယ်၊ ရှမ်းပြည်နယ် ဒေသတချို့မှာလည်း နေရာ ကွက်ကြားပြီးတော့ မိုးကြီးခဲ့တဲ့ အနေအထားမျိုး တွေ့ရှိရပါတယ်။ နောက် အခုလက်ရှိ အခြေအနေမှာတော့ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတခု ပြီးခဲ့တဲ့ နှစ်ရက်လောက် ဖြစ်နေတာ လည်း အခု ဆက်လက် တည်ရှိနေတဲ့ အနေအထားမျိုးမှာဆိုလို့ရှိရင် အနောက်တောင် မုတ်သုံလေ ကတော့ အားအသင့်အတင့်ကနေ အားကောင်းနေတဲ့ အနေအထားဖြစ်ပါတယ်။ အရှေ့ဖက်ကတော့ တိုင်ဖုန်းမုန်တိုင်း ကြောင့်မို့လို့ မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အထက်ပိုင်းတွေမှာနရာအနှံ့ ဒေသအလိုက် မိုးကြီးနိုင်တဲ့အခြေအနေကို ကျနော်တို့တွေ ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်ကတည်းက ထုတ်ပြန်ထားတာရှိပါတယ်။"

တာချီလိတ်မြို့မှာ လွန်ခဲ့တဲ့ ငါးနှစ်ကလည်း ရေကြီးမှု ဖြစ်ခဲ့သေးပေမယ့် ၁၅ နှစ်အတွင်းမှာတော့ ဒီနှစ် ရေကြီးတာတွေက ပိုပြီးဆိုးဝါးပြင်းထန်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ ပြိးခဲ့တဲ့ စက်တင်ဘာ ရရက်နေ့က ရေကြီးခဲ့တုန်းကတော့ ပစည်းတွေ ရေထဲမျောပါတာတွေ ရှိခဲ့ပြိး တာချီလိတ်မြို့က ပျက်စီးဆုံးရှုံးမှုတွေဟာ ဘတ်ငွေ သန်းနဲ့ချီပြီး ရှိခဲ့ ကြောင်း မြို့ခံတွေက ပြောပါတယ်။