တိုင်ဝမ်ကျွန်းအနီး တရုတ် လေယာဉ်တင်သင်္ဘောအုပ်စု ဖြတ်သန်း

တရုတ်စစ်တပ်ရဲ့ လေယာဉ်တင်သင်္ဘောအုပ်စုဟာ တိုင်ဝမ်ကျွန်းတောင်ဘက်ကို ဒီနေ့ ခုတ်မောင်းသွားတာကို တွေ့ရတယ်လို့ တိုင်ဝမ်က ပြောပါတယ်။ တရုတ်စစ်တပ်က စစ်ပွဲအတွက် ပြင်ဆင်နေတယ်ဆိုပြီး ပြောထားတဲ့ ဗွီဒီယိုဖိုင်တခုကို ထုတ်လိုက်တာကြောင့် တရုတ်နိုင်ငံဟာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်လာနိုင်တယ်လို့ ထိုင်ဝမ်ဘက်က စိုးရိမ်လာနေချိန်မှာပဲ အခုလို ဖြစ်လာခဲ့တာပါ။

တရုတ်စစ်တပ်ရဲ့ လေယာဉ်တင်သင်္ဘော Liaoning ဦးဆောင်တဲ့ ရေတပ်သင်္ဘောအုပ်စုဟာ Bashi ရေလက်ကြားနားကို ဝင်ရောက်လာတယ်လို့ တိုင်ဝမ်ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ တရုတ်ရေတပ် သင်္ဘောအုပ်စုဟာ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းကို ဝင်မယ်လို့ ခန့်မှန်းရတယ်လို့ ပြောပါတယ်။

တိုင်ဝမ်ကတော့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပြီး၊ သင့်တော်တဲ့ သတိအနေအထားတဲ့ တုံ့ပြန်မှုတွေကို လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ တိုင်ဝမ်ကို ကိုယ်စားပြုခွင့် မရှိဘူးလို့ တိုင်ဝမ်သမ္မတက ပြီးခဲ့တဲ့ ထိုင်ဝမ်အမျိုးသားနေ့ မိန့်ခွန်းမှာ ပြောလိုက်တဲ့အတွက်လည်း တရုတ်နိုင်ငံက ဒေါသထွက်နေတာပါ။

တိုင်ဝမ်ကို သူတို့ပိုင်နယ်မြေလို့ သဘောထားတဲ့ တရုတ်နိုင်ငံက တိုင်ဝမ်သမ္မတ Lai Ching-te ကို ခွဲထွက်ရေးသမားအဖြစ် ရှုမြင်ထားပြီး၊ တရုတ်စစ်တပ်က တိုင်ဝမ်ကျွန်းတဝိုက်မှာ ပုံမှန်လှည့်လည်သွားလာနေတာ ဖြစ်ပါတယ်။ တိုင်ဝမ်ကျွန်းကို အင်အားသုံး ထိန်းချုပ်ဖို့ ကြိုးပမ်းနိုင်တယ်ဆိုတဲ့ ယူဆချက်တွေကို တရုတ်က ငြင်းပယ်ထားတာမျိုးလည်း မရှိသေးပါဘူး။