ထိုင်ဝမ်လေကြောင်းပိုင်နက်ထဲ တရုတ် အကြိမ် ၂၀ ကျူးကျော်ဝင်ရောက်ခဲ့

An Attack-2 drone flies during a training in Zhuhai in southern China.

အရှေ့ဘက်ကမ်းခြေဒေသအပါအဝင် လေကြောင်းကာကွယ်ရေးဇုံထဲကို တရုတ်လေတပ်က လေယာဉ်တွေ အကြိမ် ၂၀ လောက် ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့မနက်မှာ ပြောပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်အတွင်း တရုတ်တို့က စစ်ရေးအရ အရှိန်မြင့် ဖိအားပေး လုပ်ဆောင်လာနေတဲ့အပေါ် ထိုင်ဝမ်ကျွန်းက မကျေနပ်ကြောင်း အမြဲ ပြောလေ့ရှိပါတယ်။

ထိုင်ဝမ် ဒုသမ္မတ William Lai အခုလအတွင်း အမေရိကန်နိုင်ငံကို သွားရောက်ခဲ့တာကို ဒေါသနဲ့ တုန့်ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် စနေနေ့တုန်းကလည်း တရုတ်တို့က ထိုင်ဝမ်ကျွန်းအနီးမှာ တရက်ကြာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ တရုတ်တို့ရဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုအတွင်း Su-30 နဲ့ J-10 စတဲ့ ဂျက်တိုက်လေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောပစ်တဲ့ တိုက်လေယာဉ်တွေပါ ပါဝင်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့မှာ ရှင်းလင်း တင်ပြခဲ့ပါတယ်။

အဲဒီ စစ်ရေးလေ့ကျင့်မှုအကြောင်း သိနိုင်ဖို့ တရုတ်ကာကွယ်ရေးဌာနကို ရိုက်တာ သတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် တစုံတရာ တုန့်ပြန် ဖြေကြားခြင်း မရှိခဲ့ပါဘူး။

အလားတူဘဲ တရုတ် ဗုံးကျဲလေယာဉ်တွေနဲ့ ဒရုန်းယာဉ်တွေ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းနဲ့ ထိုင်ဝမ်ကျွန်းအနီးတို့မှာ ပျံသန်းခဲ့တဲ့အတွက် ဂျပန် ဂျက်တိုက်လေယာဉ်တွေ အလျင်အမြန် စေလွတ်ပြီး စောင့်ကြည့်ခိုင်းခဲ့ရတယ်လို့ ဂျပန်အစိုးရက သောကြာနေ့မှာ ပြောပါတယ်။