တိုင်ဝမ်ကျွန်းအနီး တရုတ်နိုင်ငံက ဖြတ်သန်းသွားလာတဲ့ စစ်သင်္ဘောအရေအတွက်ဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ၂ ဆနီးပါး ရှိခဲ့ကြောင်း တိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုအသစ်တခု စတင်ဖို့ ရှိနေကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ခန့်မှန်းနေချိန်မှာပဲ တိုင်ဝမ်ကျွန်းအနီး သွားလာတဲ့ တရုတ်စစ်သင်္ဘော ၁၄ စင်း ရှိခဲ့ပြီး၊ အရင်တရက်က ၈ စင်းရှိခဲ့ရာက တိုးလာတာလို့ တိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောလိုက်တာပါ။
တိုင်ဝမ်ရေလက်ကြားမှာ တရုတ်နိုင်ငံက မိုးပျံပူပေါင်း ၄ ခုကို ထောက်လှမ်း တွေ့ရှိခဲ့ပြီး၊ ဒီအထဲက ၁ ခုက တိုင်ဝမ်ကျွန်းအစွန်ကနေကပ်ပြီး ဖြတ်သန်းသွားတယ်လို့လည်း ပြောပါတယ်။ တရုတ်နိုင်ငံဟာ ဒီနှစ်ထဲမှာပဲ တိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှု ၂ ကြိမ် လုပ်ခဲ့ဖူးပါတယ်။
တိုင်ဝမ်ကျွန်းကို လက်အောက်ခံအဖြစ် သဘောထားတဲ့ တရုတ်နိုင်ငံကတော့ ပစိဖိတ်ဒေသက အမေရိကန်ပိုင် Guam နဲ့ Hawaii ကျွန်းတွေကို တိုင်ဝမ်သမ္မတ Lai Ching-te မကြာသေးခင်ကပဲ အလည်အပတ် သွားခဲ့တဲ့အပေါ် မကျေမနပ် ဖြစ်နေတာပါ။ တိုင်ဝမ်သမ္မတကတော့ သီတင်းတပတ်ကြာ ခရီးစဉ်အပြီး ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ပြန်ရောက်လာခဲ့ပါတယ်။