တာလီဘန် အီရန်ကူညီမှု အထောက်အထားတွေ ရှိနေ

  • ဗွီအိုအေမြန်မာဌာန

ဗိုလ်ချုပ်ကြီး စတန်လေ မက် ခရစ္စတယ်လ်

စစ်ပွဲတွေဖြစ်နေတဲ့ အာဖဂန်နစ္စတန်နိုင်ငံဟာ တာလီဘန် လက်နက်ကိုင်အဖွဲ့တွေကို အီရန်နိုင်ငံက လက်နက်နဲ့ သင်တန်း အထောက်အပံ့တွေ ပေးနေကြောင်း ခိုင်မာတဲ့ သက်သေတွေ ရှိနေတယ်လို့ အမေရိကန် ထိပ်တန်း အရာရှိတဦးက ပြောပါတယ်။

အာဖဂန်နဲ့ အီရန်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တာမို့ အီရန်အနေနဲ့ အာဖဂန်အရေးမှာ စိတ်ဝင်စားမှု ရှိတာဟာ သဘာ၀ ကျပါတယ်လို့ ဗိုလ်ချုပ်ကြီး စတန်လေ မက် ခရစ္စတယ်လ် (Stanley McChrystal) က ကဘူးမြို့မှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။ အီရန်နဲ့ အာဖဂန် အကြား နှစ်နိုင်ငံ အပြန်အလှန် ဆက်နွယ်မှုတွေ အများကြီး ရှိတယ်လို့ ဆိုပေမဲ့ တာလီဘန်တွေကို အီရန်က ထောက်ပံ့ကူညီနေတာကတော့ မသင့်လျော်ဘူးလို့ သူက ဆိုပါတယ်။

အာဖဂန်နိုင်ငံတွင်းက လက်နက်ကိုင်တွေဟာ ပြည်တွင်းက စစ်သွေးကြွတွေနဲ့ရော ပြည်ပက တာလီဘန် တိုက်ခိုက်ရေး သမားတွေနဲ့ပါ ပေါင်းစပ်ထားတဲ့အဖွဲ့ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး မက် ခရစ္စတယ်လ်က ဆိုပါတယ်။ တချို့ ပြည်တွင်း တာလီဘန်တွေက သူတို့ရဲ့ နိုင်ငံရေး အတွေးအခေါ် ယုံကြည်ချက်တွေအတွက် တိုက်ခိုက်နေကြတာ ဖြစ်သလို တချို့ကတော့ အစိုးရကို လာဘ်စားတဲ့ အစိုးရအဖြစ် မြင်ပြီး မခံချင်စိတ်တွေနဲ့ တိုက်ခိုက်နေကြတာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီးက ပြောပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း Jirga လို့ခေါ်တဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပဖို့ ရှိနေသလို ကန်ဒဟာ ပြည်နယ်မှာလည်း စစ်ဆင်ရေး ကြိုးပမ်းမှုတွေ ရှိနေတာကြောင့်မို့ အခုချိန်ဟာ အာဖဂန်နိုင်ငံအတွက် အရေးကြီးတဲ့အချိန် ဖြစ်တယ်လို့ နေတိုးအဖွဲ့ရဲ့ ထိပ်တန်း အရပ်ဘက် ကိုယ်စားလှယ် မာ့ခ် ဆက်ဒ်ဝေလ် (Mark Sedwill) က ပြောပါတယ်။ တချိန်တည်းမှာပဲ အာဖဂန်မြောက်ပိုင်း Badakhshan ပြည်နယ်မှာ ကင်းလှည့်နေတဲ့ အာဖဂန် ရဲတပ်ဖွဲ့တခုကို လမ်းဘေးထောင်ဗုံးနဲ့ မနေ့တုန်းက တိုက်ခိုက်ခဲ့တဲ့အတွက် ရဲအရာရှိ ၇ ဦး သေဆုံးခဲ့ရပါတယ်။