အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တပ်ဖွဲ့တွေက အရှေ့ပိုင်းနဲ့ မြောက်ပိုင်းက ခရိုင်နှစ်ခုကို တညလုံး သဲကြီးမည်းကြီး တိုက်ခိုက်ခဲ့ပြီး ခရိုင်တခုကို သိမ်းပိုက်ခဲ့ကြောင်း အာဖဂန်အစိုးရဘက်ကရော သူပုန်ဘက်ကပါ ပြောပါတယ်။
ရာနဲ့ချီတဲ့ တာလီဘန်သောင်းကျန်းသူတွေက ပါကစ္စတန်နယ်စပ်ဖြစ်တဲ့ Nangarhar ပြည်နယ်အရှေ့ပိုင်းက Hesarak အရပ်ကို အာရုံမတက်ခင်မှာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့အကြီးအကဲ Munir Himat ကဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့် လုံခြုံရေးတပ်ဖွဲ့တွေက လေကြောင်း အကူနဲ့ ပြန်လည်တိုက်ထုတ်နိုင်ခဲ့ကြောင်း၊ ရန်သူဘက်က သေကြေဒဏ်ရာရမှု အများအပြားရှိခဲ့ကြောင်း ပြောပါတယ်။ အဲဒီဒေသတွင်း တချို့နေရာတွေမှာ တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
သောင်းကျန်းသူတွေက Khan Abad မှာရှိတဲ့ ဌာနချုပ်တွေကို လမ်းကြောင်းပေါင်းစုံ ကနေ တိုက်ခိုက်မှုတွေစခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရ Mohammadullah Bahej က ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက အဲဒီဒေသကို ပြန်သိမ်းနိုင်ဖို့ စစ်ဆင်ရေးတရပ် စီစဉ်နေတယ် လို့လည်း သူက ပြောပါတယ်။
Kunduz ပြည်နယ်ကောင်စီအကြီးအကဲ Mohammad Yusouf Ayubi က ရာနဲ့ ချီတဲ့အရပ်သားတွေက တိုက်ပွဲ ဖြစ်တဲ့နေရာကနေ ထွက်ပြေးခဲ့ကြကြောင်းနဲ့ ဗဟို အစိုးရက ကွန်ဒုဇ်နယ်ကို ဂရုမစိုက်ကြောင်းနဲ့ အဲဒီလို လုပ်နေရင် အရင်နှစ်ကလိုပဲ တာလီဘန်တွေက ပြန်သိမ်းသွားလိမ့်မယ်လို့ ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာတော့ ဝေဟင်နဲ့ မြေပြင်တပ်ဖွဲ့တွေက အာဖဂန်နယ်စပ်နားက အနောက်မြောက်ပိုင်း လူမျိုးနွယ်စုတွေရဲ့ ဒေသက စစ်သွေးကြွတွေပုန်းအောင်း ရာ နေရာ ၆ ခုကို ဖျက်စီးခဲ့ကြောင်းနဲ့ အနည်းဆုံး အကြမ်းဖက်သမား ၉ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ပြောပါတယ်။ ဒါ့အပြင် ခိုင်ဗာဒေသက စစ်သွေးကြွတွေ သုံးနေတဲ့ လက်နက်သိုလှောင်ရုံတခုကိုလည်း စစ်လေယာဉ်တွေက ဖျက်စီးခဲ့ကြောင်း ပြောပါတယ်။
စနေနေ့က တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အသေးစိတ်မပြောခဲ့ပါဘူး။ အဲဒီဒေသကို သတင်းထောက်တွေ ဝင်ရောက်ခွင့် ပိတ်ပင်ထားတဲ့အတွက် သတင်း အချက်အလက်တွေမှန်မမှန်ကို သီးခြားလွတ်လပ်တဲ့ အတည်ပြုချက် မပေးနိုင်ပါဘူး။ စစ်ဘက်ကတော့ ဒီသီတင်းပတ်အတွင်း ခိုင်ဗာဒေသမှာ စတင်ခဲ့တဲ့ အခု နောက်ဆုံး စစ်ဆင်ရေးမှာ အနည်းဆုံး စစ်သွေးကြွ ၃၅ ယောက်ကို သုတ်သင်နိုင်ခဲ့ကြောင်း ပြောထားပါတယ်။
Your browser doesn’t support HTML5
အာဖဂန်ခရိုင်တခု တာလီဘန်သိမ်းပိုက်