Mobile ဖုန်းခေါ်ဆိုခ အခွန်ကောက်ခံမှု လွှတ်တော်ဆိုင်းငံ့

Mobile တယ်လီဖုန်းခေါ်ဆိုခ ကြိုတင်ပေးချေထားတဲ့ တန်ဖိုးအပေါ် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံမယ့်စနစ်ကို ဒီနှစ်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ကောက်ခံခြင်းမပြုဘဲ ဆိုင်းငံ့ထားဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။ ဒါပေမဲ့ လာမယ့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှသာ ကောက်ခံသွားဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခ က ပေးပို့ထားပါတယ်။

တယ်လီဖုန်းပြောခအပေါ် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကောက်ခံမယ့်စနစ်ကို ဒီနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်းမှာ ကင်းလွတ်ခွင့်ပေးဖို့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြံ့ခိုင်ရေးပါတီက အမရပူရအမတ် ဦးသိန်းထွန်းဦး က ပြီးခဲ့တဲ့ မေ ၂၁ ရက်က လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းခဲ့တာပါ။ ဒီလိုတင်လာတာကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီး ကန့်ကွက်သူမရှိ သဘောတူ လက်ခံလိုက်တာ ဖြစ်ပါတယ်။ အဆိုရှင်ကတော့ နောင်နှစ်မှာ ဆက်လက်ပြီး အမတ်အနေနဲ့ တာဝန်ပေးခြင်းခံရရင် ကုန်သွယ်လုပ်ငန်းခွင်ဥပဒေကို ပြင်ဆင်နိုင်ဖို့ ဆက်လက် ကြိုးစားမယ်လို့ အခုလို ပြောပါတယ်။ တည်ဆဲကုန်သွယ်လုပ်ငန်းခွင်ဥပဒေဟာ ပြဌာန်းထားတာ မကြာသေးသလို ပြင်ဆင်ပါကလည်း အချိန်ကြာမှာဖြစ်တဲ့အတွက် အခုလို နောင်နှစ်မှ ဆက်လက် ပြင်ဆင်ဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့သာ ဆက်လက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တာဝန်ယူရမယ်ဆိုရင်တောင် ကျနော်တို့ ၂၀၁၅ အခွန်အကောက်ဆိုင်ရာ ဥပဒေ အခန်း ၅ ကုန်သွယ်လုပ်ငန်းခွန်ဆိုတဲ့အခန်း ပုဒ်မ ၁၁ ကျနော်တို့ ပုဒ်မခွဲ (စ) ရဲ့ဇယားမှာ အချက်တချက်အနေနဲ့ ကျနော်တို့ ထပ်မံထည့်လိုက်ပြီးတော့ ဥပဒေမပြင်မချင်းကို ဥပဒေပြင်မှသာလျှင် အခွန်အကောက် ကောက်ခံရမယ်ဆိုတဲ့ဟာမျိုးကို ကျနော်တို့ ပြင်ပြီးတော့ လုပ်မယ်ဆိုတဲ့ဟာကို ရည်ရွယ်ထားပါတယ်။”

အစိုးရဘက်က ထုတ်ပြန် ကြေညာချက်အရ မြန်မာ့ဆက်သွယ်ရေး MPT၊ အော်ရီဒူး၊ တယ်လီနော စတဲ့ ဖုန်းငွေဖြည့်ကဒ်တွေကို ဝယ်ယူသုံးစွဲပါက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံသွားမယ်လို့ ထုတ်ပြန်ထားပြီး အခွန်ကောက်ခံမှုအရ ဖုန်းငွေဖြည့်ကဒ် ၁၀၀၀ ဖိုး သုံးသူအနေနဲ့ ကုန်သွယ်ခွန် ၄၀ ကျပ်၊ ၃၀၀၀ ဖိုး သုံးသူအနေနဲ့ ကုန်သွယ်ခွန် ငွေကျပ် ၁၀၀ ကျော်၊ ၁ သောင်းဖိုး သုံးသူအနေနဲ့ ကုန်သွယ်ခွန် ငွေကျပ် ၅၀၀ နီးပါး ပေးဆောင်ရမှာ ဖြစ်တဲ့အတွက် ပြည်သူတွေကြားထဲ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဆက်သွယ်ရေးဒုဝန်ကြီး ဦးသောင်းတင်နဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်ရှိန် တို့က ဒီလိုကောက်ခံရတာဟာ နိုင်ငံဖွံ့ဖြိုးဖို့နဲ့ အခြေခံ အဆောက်အဦးတွေကို အဆင့်မြှင့်တင်ဖို့ လိုအပ်တဲ့အတွက် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရတာဖြစ်တယ်လို့ ဆွေးနွေးခဲ့တယ်လို့ အမရပူရအမတ် ဦးသိန်းထွန်းဦးက ပြောပါတယ်။ ဒီလိုအခွန်ကောက်ခံမယ့်အပေါ် ပြည်တွင်းအခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က အခွန်ဥပဒေအရ ကောက်ခံရတာဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“သွယ်ဝိုက်ခွန်ကတော့ ကျနော်တို့နိုင်ငံမှာ ကုန်သွယ်လုပ်ငန်းခွန်ကို သွယ်ဝိုက်ခွန်လို့ ခေါ်ပါတယ်။ ကုန်သွယ်လုပ်ငန်းခွန်ဆိုတာ ကုန်သွယ်လုပ်ငန်းခွန်ဖြစ်ရင် ကုန်သွယ်မှုအခုတိုင်း ကောက်ရမယ်လို့ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ရဲ့ ကုန်သွယ်လုပ်ငန်းခွန် ပုဒ်မ ၄ မှာလည်း ကောက်ခံရမယ့်အစား ကုန်စည်တင်သွင်းမှုတွေ၊ ကုန်စည်ထုတ်လုပ်ရောင်းချမှုတွေ၊ ကုန်စည်ဝယ်ယူရောင်းချမှုတွေ၊ ရောင်းချခြင်းတွေ ၄ မျိုးဖြစ်ပါတယ်။”

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးကတော့ ပြည်သူတွေအနေနဲ့ အခွန်ပေးဆောင်ရမှာ တာဝန်ရှိပေမဲ့ မျှတစွာ ပွင့်လင်းစွာ ကောက်ခံဖို့လိုတယ်လို့ လွှတ်တော်မှာ ဆွေးနွေးခဲ့သလို ကောက်ခံနေတဲ့အခွန် ၅ ရာခိုင်နှုန်းကိုလည်း လျှော့ချဖို့ တင်ပြခဲ့ပါတယ်။ ဆွေးနွေးတဲ့အပိုင်းနဲ့ ပတ်သတ်ပြီး ဒေါက်တာဗညားအောင်မိုး က အခုလို ပြောပါတယ်။

“အခွန်အကောက်ဆိုတာ ဒါ ပြည်သူတိုင်းမှာ ထမ်းဆောင်ဖို့လိုတယ်။ အခွန်ကောက်ပေးဖို့လိုတယ်။ တန်ရာတန်ရာ မျှမျှတတ ထိုက်တန်သလိုပေါ့ ပြည်သူတွေမှာ အကောက်ခွန်ပေးဖို့ တာဝန်ရှိတယ်။ အခွန်ရှောင်တဲ့သူက ရှောင်တယ်။ နီးစပ်ရာ ကုမ္ပဏီတွေကလည်း အခွန်ပိုရှောင်တာရှိတယ်။ နောက် ဒီကနေ့အထိ ဖြစ်နေတာတွေ အများကြီးရှိတယ်။ အခွန်တွေကို အစိုးရဘဏ္ဍာထဲကို မဝင်တဲ့ အခွန်တွေ အများကြီးရှိတယ်။ မျှမျှတတလုပ်၊ ပွင့်လင်းမြင်သာအောင်လုပ်၊ မှန်မှန်ကန်ကန်လုပ်၊ အဲဒါ ဆွေးနွေးတယ်။ အခုကောက်တဲ့ ၅ ရာခိုင်နှုန်းဟာ များလွန်းတယ်ဆိုရင်တော့ ၁ ရာခိုင်နှုန်း (သို့မဟုတ်) ၂ ရာခိုင်နှုန်း အဲလောက်တော့ ယူသင့်ပါတယ်။ အဲဒါကို ဆွေးနွေးတယ်။”

လက်ရှိမှာ တယ်လီဖုန်းပြောခအပေါ် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံမယ့်စနစ်ကို နောင်နှစ်မှ ကောက်ခံရန် ရွှေ့ဆိုင်းလိုက်တာကြောင့် လာမယ့် ဇွန်လ ၁ ရက်နေ့မှာ ကောက်ခံမှာ မဟုတ်တော့ပေမဲ့ နောက်နှစ် ဘယ်အချိန်မှာ ကောက်ခံမလဲ ဆိုတာကို တိကျစွာ အစိုးရက ထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။