အဖမ်းခံ ရှမ်းတိုင်းရင်းသားများ အရေး မြစ်ကြီးနားမှာ ဆန္ဒပြမည်

ကချင် လွတ်မြောက်ရေး တပ်မတော် လိုင်ဇာ အနီး စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။ ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂

ကချင်လွတ်လပ်ရေးတပ်မတော်KIA က ဖမ်းဆီးသွားတဲ့ ရှမ်းအမျိုးသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ ဆန္ဒပြပွဲကို အစိုးရက ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ တက်ရောက်လာသူတွေရဲ့ ဆန္ဒသဘောထား အရ ဆောင်ရွက်သွားမယ်လို့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က တာဝန်ရှိသူတဦးက ဒီနေ့ ပြောဆိုပါတယ်။ ကချင်ပြည်နယ်အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က မန်စီမြို့နယ်အတွင်း ရှမ်းလူမျိုး ၆၀ကျော် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဒီလ ၂၀ရက်နေ့မှာ လူအင်အား လေးသောင်းနဲ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းက ရှမ်းအမျိုးသားတွေကို KIA က တပ်သားသစ် စုဆောင်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဒီလ ၄ရက်နေ့က မန်စီမြို့နယ် မန်ဖွရွာက ၂၀ဦး၊ ၇ရက်နေ့က မန်ဖွရွာက ၆ဦးပါအဝင် ၄၆ဦး၊ ၉ရက်နေ့မှာ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ကချင်ပြည်နယ်က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့အတွက် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က မြစ်ကြီးနားမြို့မှာ ဒီလ ၂၀ရက်နေ့မှာ လူအင်အား၄သောင်းနဲ့ ဆန္ဒပြဖို့အတွက်လည်း အစိုးရဆီမှာ တင်ပြထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆန္ဒပြဖို့ ခွင့်ပြုချက်ကတော့ ဒီနေ့ အထိမရရှိသေးပါဘူး။

ဒီအခြေအနေမှာ သောကြာနေ့မှာ ပြုလုပ်မယ့် ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ နာယက ဦးစိုင်းသာဇုံက ပြောဆိုလိုက်ပါတယ်။

"ကချင်ပြည်နယ် တစ်ပြည်နယ်လုံးမှာရှိတဲ့ သူတို့ ရှမ်းတိုင်းရင်းသားတွေကနေ ဦးဆောင်ပြီးတော့မှ ကေအိုင်အေတို့ရဲ့ ဖိနှိပ်ခံရတဲ့ လူဆွဲခံရတဲ့ ဆက်ကြေးတောင်းခံရတဲ့ ပြည်သူလူထုမှန်သမျှ မိမိတို့ရင်ထဲမှာရှိတဲ့ ဆန္ဒကိုဖော်ထုတ်ဖို့အတွက် စီစဉ်ထားတယ်လေ။ ၁၅ရက်နေ့က ကျနော်တို့ တရားဝင်တင်ထားတယ်ဗျ။ ၂၀ရက်နေ့ပြမယ်ဆိုပြီးတော့ တရားဝင်တင်ထားတယ်။ အင်အားလည်းပေးထားပြီးသား။ သူတို့ ကျနော်တို့ကို ၄၈နာရီအတွင်း အကြောင်းပြန်မယ်လို့ ပြောထားတယ်လေ။ အခုလောလောဆယ်တော့ အကြောင်းပြန်မှု ကျနော်တို့မရသေးပါဘူး။ ထို့အတူပဲ မလုပ်ရဘူးဆိုတာလည်း မရသေးပါဘူးခင်ဗျ။ အဲဒီကြောင့် ကျနော်တို့ကတော့ ဌာနဆိုင်ရာကနေ ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ တက်ရောက် လာတဲ့ပြည်သူလူထုဆန္ဒက မနက်ဖြန်မှာပြမယ်လို့သူတို့ အကုန်တက်ရောက်လာမယ့် ပြည်သူလူထုက သဘောတူညီချက်ရရင် မနက်ဖြန်မှာပြမယ်။ တက်ရောက်လာတဲ့ပြည်သူလူထုက မပြဘူးဆိုလို့ရှိရင် စည်းဝေးပြီးမှ ထုတ်ပြန်ချက်တို့ဘာတို့ပဲ ကျနော်တို့လုပ်မယ်ဗျ။"

လောလောဆည်မှာတော့ ဆန္ဒပြပွဲကို တက်ရောက်မယ့် ပြည်သူတွေဟာ မြစ်ကြီးနားမြို့ကို လာရောက်နေကြပြီလို့လည်း ဦးစိုင်းသာဇုံက ပြောပါတယ်။

"မိုးညှင်း ဟိုပင် တင်းပေါ ဆန်းမော် နမ်းခွင် ထုံးရေပေါက် အုန်းပေါင် ဖောင်နီ ကညင်မြိုင် မိုးကောင်း နမ့်မတူ အဲဒါအကုန်လုံးပေါ့ဗျာ။ နောက်ပြီးတော့ သံမခန်။ ဖားကန့် သံမခန်ဖက်ကလည်းလာမယ်ဗျ။ သူတို့လည်း မနက်က ထွက်ခဲ့ပြီလို့ပြောပါတယ်ခင်ဗျ။ ဗန်းမော်ဖက်ကလည်း လာမယ်ခင်ဗျ။ နောက်ပြီးတော့ စစ်ကိုင်းတိုင်း ဗန်မောက်ကလည်း လာမယ်ဗျ။ မိုးညှင်း တင်းပေါ ဟိုပင် ထွက်လာတဲ့လူတွေက လမ်း တစ်ဝက်ရောက်နေပြီလို့ ပြောပါတယ်ခင်ဗျ။ အင်အားက ဘယ်လောက်ဆိုတာ ကျနော် မပြောနိုင်သေးဘူးဗျ"

ကချင်ပြည်နယ်က ရှမ်းတိုင်းရင်းသားတွေရဲ့ ဆန္ဒပြပွဲကို ခွင့်ပြုချက်ပေး၊ မပေးဆိုတာကို မြစ်ကြီးနားမြို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ --

"ကျနော်တို့အနေနဲ့က မြို့နယ်က ခွင့်ပြုချက်ပေးလို့မရဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးကပဲ ခွင့်ပြုချက်ပေးလို့ရတယ်။ ခွင့်မပြုတာပြုတာက သူတို့နဲ့ပဲဆိုင်တယ်။ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့က လုံခြုံရေးလုပ်ပေးဖို့ပဲ။ သူတို့ခွင့်ပြုတယ်ဆိုရင် ကျနော်တို့ လုံခြုံရေးလိုက်လုပ်ပေးပေါ့။ ဒါပဲရှိတာပဲ။ ခွင့်ပြုတယ် ခွင့်မပြုတာပြုတာက သူတို့မြို့နယ်အုပ်ချုပ်ရေးနဲ့ပဲဆိုင်တယ်။ နော့် မေးကြည့်လိုက်ပါ။ သူတို့ကိုနော့"

မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကို ဆက်သွယ်ရာမှာတော့ တာဝန်ကျဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

"မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို မေးပါတဲ့။ အဲမှာမေးမှ သူတို့ ရဲနဲ့ဆိုင်လို့လေ"

ဆန္ဒပြပွဲကျင်းပဖြစ်တယ်ဆိုရင်တော့ သောကြာနေ့ မနက် ၈နာရီမှာ မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံ ဒါမှမဟုတ် ဝိုင်းမော်ကတို့ဆိပ်မှာ လူစုပြီး KIOအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းအဖွဲ့ရုံးကို ချီတက်ဆန္ဒပြမှာဖြစ်ပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ နဲ့ အရင် KIO ဒုဥက္ကဋ္ဌဟာင်း ဒေါက်တာ တူးဂျာကတော့ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အခြေအနေမှာ နှစ်ဖက် ညှိနှိုင်းဆွေးနွေးဖြေရှင်းစေလိုကြောင်း ပြောပါတယ်။

"ပြောမယ်ဆိုလို့ရှိရင်တော့ ဒါအခုအချိန်အခါမှာကတော့ တည်ငြိမ် ငြိမ်းချမ်းရေး က အင်မတန် အရမ်းအရေးကြီးနေ တာပေါ့။ ပြောမယ်ဆိုရင်။ ချင့်ချင့်ချိန်ချိန် စဉ်းစဉ်းစားစားနဲ့ လုပ်ရမယ် အချိန်အခါမျိုးတော့ဖြစ်ပါတယ်။ နှစ်ဖက်ပေါ့နော်။ လွန်လွန်ကျွံကျွံ ဖြစ်မှာဆိုတော့။ ကျနော်တို့က စိုးရိမ်မိတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ပါတီအနေနဲ့ပဲ ပြောပြော ကျနော်ပုဂ္ဂိုလ်ရေးအရပဲပြောပြောပေါ့လေ။ အခုတည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားစေချင်တာပဲ။ အဲဒါကို လိုအပ်တဲ့ဟာတွေကို ညှိ နှိုင်းဆွေးနွေးပြီးတော့မှ ဖြေရှင်းသွားတဲ့ နည်းနာကိုပဲ ကျင့်သုံးစေချင်ပါတယ်။

အခုလို KIAက ရှမ်းအမျိုးသားတွေကို လူသစ်စုဆောင်းတာနဲ့ပတ်သက်ပြီး KIO လုပ်ငန်းညှိနှိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကို အရင်ရက်တွေက မေးမြန်းရာမှာ ဒီကိစ္စကို စုံစမ်းနေဆဲရှိကြောင်းနဲ့ တကယ်လို့ ဖမ်းဆီးတာမှန်ရင် ပြေလည်အောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ မန်စီမြို့နယ်အတွင်းက ဖမ်းဆီးခံရတဲ့ ရှမ်းအမျိုးသား ၂၀ကျော် ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။