တူနီးရှား အကြမ်းဖက် တိုက်ခိုက်ခံမှု ၃၇ ဦး ထက် မနည်း သေဆုံး

တူနီးရှား အကြမ်းဖက်တိုက်ခိုက်ခံမှု (ဇွန် ၂၆၊ ၂၀၁၅)

မြေထဲပင်လယ်ကမ်းရိုးတန်းက ဟော်တယ်တလုံးမှာ အကြမ်းဖက် တိုက်ခိုက် မှုကြောင့် ဗြိတိန်၊ ဂျာမနီနဲ့ ဘယ်လ်ဂျီယံနိုင်ငံသား တွေအပါအဝင် လူ ၃၇ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တူနီးရှား တာဝန်ရှိသူတွေကပြောပါတယ်။

တူနီးရှားနိုင်ငံ၊ Sousse မြို့က Imperial Marhaba ဟော်တယ်နား ပင်လယ်ကမ်းခြေတခုက လူတွေကို သောကြာ နေ့မှာ သေနတ်သမားတွေက ဝင်ပစ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကပြောပါတယ်။ အဲဒီကမ်းခြေဟာ ဥရောပ နဲ့ တခြား မြောက်အာဖရိကနိုင်ငံတွေက ဧည့်သည်တွေ အသွားများတဲ့နေရာဖြစ်ပါတယ်။

တိုက်ခိုက်မှုအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက တုန့်ပြန် လုပ်ဆောင်ခဲ့ပြီး သေဆုံးသူတွေ ထဲမှာ သေနတ်သမား တဦးထက်မနည်း ပါတယ်လို့ တာဝန်ရှိသူတွေ ကပြောပါတယ်။ လူ ၃၆ ယောက်လဲ ဒဏ်ရာရ ပါတယ်။နောက်ထပ် သေနတ်သမား တဦးကတော့ တိုက်ခိုက်တဲ့နေရာကနေ ထွက်ပြေးသွားပြီး အခုချိန်ထိ လွတ်နေဆဲပါပဲ။ တိုက်ခိုက်မှုရဲ့လက်သည်အဖြစ် ဘယ်သူကမှ မကြေညာသေးပါဘူး။