၂၁ ဦးသေဆုံးတဲ့အထိပစ်ခတ်မှုဖြစ်ခဲ့တဲ့ Texas ပြည်နယ်မှာ NRA ညီလာခံကျင်းပ

တက္ကဆက်ပြည်နယ်၊  Uvalde မြို့ မူလတန်းကျောင်းမှာ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် စာနဲ့ပန်းများကိုတွေ့ရစဉ်။ (မေ ၂၆၊ ၂၀၂၂)  

[[Zawgyi/Unicode]]

Texas ပြည်နယ် Uvalde မြို့က Robb မူလတန်းကျောင်းမှာ ဆယ်ကျော်သက်အရွယ် သေနတ်သမားလက်ချက်နဲ့ ကလေးငယ် ၁၉ ဦးနဲ့ ဆရာဆရာမ ၂ ဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုဖြစ် ထားတာ ရက်ပိုင်းပဲရှိနေချိန် Texas ပြည်နယ် Houston မြို့မှာ အမျိုးသား ရိုင်ဖယ်အသင်း NRA ရဲ့ နှစ်ပတ်လည် ညီလာခံ ဒီကနေ့ စတင် ကျင်းပမှာဖြစ်ပါတယ်။

ဒီညီလာခံမှာ လူကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Gregg Abbott က အစောပိုင်းစီစဉ်ခဲ့ပေမယ့် ခုတော့ ဒီ အစီအစဉ်ကိုဖျက်ပြီး Uvalde မြို့ကို သွားရောက်မှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လက်နက်ကိုင်ဆောင်ခွင့် ဆက်ရှိနေဖို့ အဓိက စည်းရုံးပြောဆိုနေတဲ့ NRA ရိုင်ဖယ်အသင်းရဲ့ ၃ ရက်ကြာညီလာခံမှာ အမေရိကန်သမ္မတဟောင်း Donald Trump ကတော့ မိန့်ခွန်း ပြောကြားဖို့ ရှိနေဆဲပါ။ အင်္ဂါနေ့က မူလတန်းကျောင်းမှာဖြစ်ပွားတဲ့ ပစ်ခတ်မှုကို Texas ရဲတပ်ဖွဲ့ရဲ့တုံ့ပြန်မှု ကြန့်ကြာခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ခံ နေရပါတယ်။

အထက်တန်းကျောင်းမပြီးခင် ကျောင်းထွက်ထားတဲ့ သေနတ်သမား Salvador Ramos ဟာ ရဲတပ်ဖွဲ့တွေ ရောက်မလာခင် ၄ တန်းကျောင်းစာသင်ခန်းထဲမှာ မိနစ် ၄၀ ကနေ ၁ နာရီနီးပါး ပစ်ခတ်ခဲ့လို့ ၂၁ ယောက် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။ ကျောင်းဝန်းထဲ ပိတ်မိနေတဲ့ကျောင်းသားတွေရဲ့ မိဘတွေ၊ လမ်းဘေးမှာ စုဝေး ကြည့်နေကြသူတွေက ရဲတပ်ဖွဲ့တွေ ကျောင်းဝန်းထဲ အမြန်ဆုံးဝင်ပြီး သေနတ်သမားက ပစ်ခတ် သတ်ဖြတ်နေတာကို ပ်ဖို့ အော်ဟစ် ပြောဆိုခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ သေနတ်သမားဟာ ကျောင်းတံခါး သော့ခတ်မထားတဲ့အတွက် အတားအဆီးမရှိ ဝင်သွားနိုင် ခဲ့ပြီး အဲ့ဒီအချိန်မှာ ကျောင်းလုံခြုံရေးအရာရှိ တဦးမှရှိမနေဘူးလို့ တက္ကဆက် ပြည်သူ့လုံခြုံရေး ဌာနရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Victor Escalon ကပြောပါတယ်။

Your browser doesn’t support HTML5

၂၁ ဦးသေဆုံးတဲ့အထိပစ်ခတ်မှုဖြစ်ခဲ့တဲ့ Texas ပြည်နယ်မှာ NRA ညီလာခံကျင်းပ

===============

[[Unicode]]





===============