အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ New Delhi မြို့တော်မှာ ဒီနေ့ စနေနေ့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa နဲ့ နှစ်နိုင်ငံကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က X လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒီကနေ့ New Delhi မြို့တော်မှာ ကျင်းပတဲ့ တော်ဝင်ကထိန်ပွဲအခမ်းအနားကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး လာရောက်တာဟာ နှစ်နိုင်ငံကြား ယဉ်ကျေးမှုဆိုင်ရာ သမိုင်းဝင်ဆက်ဆံရေးကို မီးမောင်းထိုးပြတာ ဖြစ်တယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ဟာ July လတုန်းကလည်း BIMSTEC အစည်းအဝေးတက်ဖို့ New Delhi မြို့တော်ကို လာခဲ့ပြီး အဲဒီတုန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishankar၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ၃ ပွင့်ဆိုင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာ့အရေး အဖြေရှာနိုင်ဖို့ ကြိုးပမ်းနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတခု ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတခုကို အခု နိုဝင်ဘာလဆန်းထဲမှာ အိန္ဒိယနိုင်ငံမှာ ကျင်းပဖို့ ရှိနေပါတယ်။ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ကတက်ရောက်မယ်လို့ VOA မြန်မာပိုင်းက စုံစမ်းသိရှိထားပါတယ်။