ထိုင်းဗုံးကွဲမှု သံသယရှိသူ နိုင်ငံခြားသားနောက်တဦး ဖမ်းဆီး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လေးမျက်နှာဘုရားလို့ လူသိများတဲ့ နတ်ကွန်းမှာ ဗုံးခွဲခဲ့သူနဲ့ ပုံစံတူတဲ့ အဓိက သံသယရှိသူတဦးကို ဖမ်းဆီးလိုက်ပြီလို့ ထိုင်းဝန်ကြီးချုပ်က ဒီနေ့ ကြေညာလိုက်ပါတယ်။

ထိုင်းစစ်အစိုးရ ခေါင်းဆောင်လည်းဖြစ်တဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း Prayuth Chan-ocha က ထိုင်းလူမျိုးမဟုတ်တဲ့ ဒီ သံသယရှိထားသူ နိုင်ငံခြားသားကို ကမ္ဘောဒီးယားနယ်စပ်က Sa Kaeo ပြည်နယ်မှာ အခုလို ဖမ်းမိခဲ့တာလို့ ထုတ်ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့လ သြဂုတ် ၁၇ ရက်နေ့က ဘန်ကောက်မြို့လယ်ရှိ လူစည်ကားတဲ့နေရာက ဟိန္ဒူနတ်ကွန်း ဗုံးကွဲမှုကြောင့် လူပေါင်း ၂၀ ကျော်သေဆုံးပြီး၊ နောက်ထပ်လူပေါင်း ၁၂၀ ကျော်လည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။

အခုဖမ်းမိသူဟာ အပြင်မှာပြန့်နေတဲ့ တရုတ် Passport စာအုပ်ထဲက ဓာတ်ပုံရှင်ဖြစ်တဲ့ Xinjiang ပြည်နယ်က ဝှီဂါမူဆလင် ဟုတ် မဟုတ်ကိုတော့ ဗိုလ်ချုပ်ကြီး Prayuth က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု မပေးခဲ့ပါဘူး။

ဒါပေမဲ့ ဗုံးခွဲစဉ် CCTV က ရိုက်ထားတာမှာပါခဲ့တဲ့ ဗုံးမကွဲခင်လေးတင် ကျောပိုးအိပ်အမဲတခုကို ချပြီးထွက်သွားခဲ့သူ T-Shart အင်္ကျီအဝါရောင်ဝတ်၊ မျက်မှန်အဝိုင်းအမဲကိုင်းတပ်၊ ဆံပင်ပွပွနဲ့ သူနဲ့ တူတယ်လို့တော့ ထိုင်းရဲတွေက ယူဆထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။

အခုလို ဝန်ကြီးချုပ်ရဲ့ ကြေညာမှု မတိုင်ခင်မှာပဲ ထိုင်းရုပ်မြင်သံကြား လိုင်းအားလုံးမှာ ထိုင်းအိမ်ပိုင်ရှင်၊ တဲခိုခန်းပိုင်ရှင်တွေအနေနဲ့ ဒီဗုံးခွဲမှုမှာ ပါဝင်တယ်လို့ သံသယရှိထားသူတွေကို ကူညီရှာဖွေပြီး နီးစပ်ရာ ရဲစခန်းတွေကို အကြောင်းကြားပေးဖို့ (ဒါမှမဟုတ်) အရေးပေါ်နံပါတ် ၁၅၁၅ ကို ဖုန်းခေါ်ပေးဖို့ ဆက်တိုက် ကြောညာနေခဲ့ပါတယ်။