မြန်မာလုပ်သား နှစ်ဦး ထိုင်းမှာ အသတ်ခံရ

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံနယ်စပ်က ဆုံခလာခရိုင် ရနုတ်မြို့နယ်မှာရှိတဲ့ ချရွမ်ပွန် ပန်စီပီ အက်ဖ် (Charoen Pokphand Foods Public CO.LTD) အစားအသောက်လုပ်ငန်းပိုင် ပုဇွန်စက်ရုံမှာ အလုပ်လုပ်တဲ့ မြန်မာ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမား နှစ်ယောက် သေနတ်နဲ့ ပစ်သတ် ခံခဲ့ရ ပါတယ်။ စုစုပေါင်း မြန်မာအလုပ်သမား သုံးယောက်ဟာ စက်ရုံနဲ့ သုံးမိုင်လောက်ဝေး တဲ့ ရေနုတ်ကျေးရွာ နေအိမ်ထဲမှာပဲ သုံးနာရီကျော်အချိန်မှာ အမည်မသိတဲ့သူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာမှာ နှစ်ယောက်သေဆုံးပြီး တယောက်က အပြင်းအထန် ဒဏ်ရာရသွားတာဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းမလေးနယ်စပ် ဟပ်ရိုင်မြိုနဲ့နီးတဲ့ ဆုံခလာခရိုင်မှာ ရှိတဲ့ စီပီအက်ဖ်ပုဇွန်စက်ရုံက အလုပ် သမားတွေဟာ ညဆိုင်းအလုပ်ချိန်ပြီးလို့ သူတို့ နေထိုင်ရာ ရနုတ်ရွာက အဆောင်မှာနေထိုင် ရင်း သေနတ်သမားတွေက ပစ်ခတ်တာခံခဲ့ရတယ်လို့ သေဆုံးသူတွေနဲ့ နီးစပ်တဲ့ အလုပ်သမား တဦးက ပြောပြပါတယ်။

“ခြံဝန်းထဲမှာပဲ တယောက်နဲ့တယောက် စကားပြောပြီးတော့ ကောင်မလေးက ခြံဘက် ကျော ခိုင်းပြီးတော့ ထိုင်နေတယ်။ အမျိုးသားနှစ်ယောက်ကတော့ ခြံအပြင်ဘက်ကို မျက်နှာမူပြီး ထိုင်နေတယ်။ အဲဒီအချိန်မှာ သေနတ်သမား နှစ်ယောက်က ဝင်လာတယ်-တဲ့။ ဆိုင်ကယ်တစီးကို လူနှစ်ယောက်စီးပြီးတော့ မျက်နှာမှာ ဆိုင်ကယ်ဦးထုပ်တွေဆောင်းထားပြီးတော့ ဝင်လာပြီး ကောင်မလေးကို နောက်ကနေ နံကြားကို သေနတ်နဲ့ တေ့ပြီးတော့ ပစ်ထည့်လိုက်တယ်။
ပစ်ထည့်လိုက်တော့ ကောင်မလေးက ထုတ်ချင်းပေါက်သွားတယ်။ နောက် နှစ်ယောက်က ကျတော့ ကြောင်ကြည့်နေတဲ့အချိန်မှာပဲ အဲဒီနှစ်ယောက်ကို ထပ်ပစ်လိုက်တယ်။

ပစ်လိုက်တဲ့ အထဲက စပယ်ဖြူကတော့ ဆေးရုံကို တော်တော်ကြာမှ ရောက်တယ်။ ကျနော်တို့ ဒီက ကယ်ဆယ်ရေးတွေလည်း ညံ့တယ်၊ အကွက်က အာဏာပိုင်တွေလည်း ဘာမှ မလုပ်ပေးဘူး ဆိုတော့ ကောင်မလေးက တော်တော် လေးကို နောက်ကျတယ်ပေါ့နော် ဆေးရုံရောက်တဲ့အချိန်။”

သေဆုံးသူတွေထဲမှာ အသက် ၂၉ နှစ်အရွယ် ပဲခူးမြို့ဇာတိဖြစ်တဲ့ မောင်အောင်သက်ဖြိုး အသက် ၂၆ နှစ် အရွယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက်က ကလေးတဦးရဲ့မိခင် မအိစံ (ခေါ်) မစံပယ်ဖြူ၊ ဒဏ်ရာရသူကတော့ မောင်ခင်မောင်သန်း အသက်-၂၀ အရွယ် ဇာတိ မကွေးတိုင်း၊ သရက်မြို့နယ် စန်းလယ်ကျေးရွာကလို့ ဆိုပါတယ်။

သေဆုံးသူ မစံပယ်ဖြူရဲ့ ညီမဖြစ်သူကတော့ အမည်မသိ သေနတ်သမားတွေကို ဖမ်းမိတာမျိုး မရှိသေးကြောင်း သူတို့အနေနဲ့ ထိတ်လန့်မူတွေ ဖြစ်နေရတယ်လို့ ဆိုပါတယ်။

“လာပစ်တဲ့သူတွေကတော့ မသိသေးဘူး။ အခုအချိန်အထိလည်း ဘယ်သူဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိသေးဘူးရှင့်။ ဖြစ်ဖြစ်ချင်း မသေသေးဘူး။ ကားပေါ်မှာ အသက်ရှိသေးတယ်။ ကားပေါ်မှာ သေ သွားတယ်၊ လူတွေက လန့်တာက တော်တော်ကို လန့်နေကြတာ။ ဒီဘက်မှာ ဘယ်သူမှ မနေချင်ကြတော့ပါဘူး။ မနေရဲတော့ဘူးပေါ့ အမရယ်။ အခုလိုမျိုး ဗမာပြည်သား သုံးယောက်ကို ဘလိုင်းကြီး သေနတ်တွေနဲ့ သူပုန်လိုဝင်ပစ်သွားပြီးတော့မှ ကျန်တဲ့လူတွေက ဘယ်သူမှ မနေရဲတော့ဘူး။ ”
သေဆုံးသူ အလုပ်သမားတွေ နေထိုင်တဲ့အဆောင်ဟာ အလုပ်သမား ၄၀ ခန့် နေထိုင်ကြပြီး အဲဒီ နေရာကနေ အလုပ်ဆင်းကြတာလို့ ဆိုပါတယ်။ စက်ရုံမှာတော့ အလုပ်သမားအင်အား ၃၀၀ ကျော်ရှိပါတယ်။ မကြာသေး ခင်ကတော့ အဲဒီ ဆုံခလာခရိုင်က ရနုတ်ရွာမှာ အသက် အရွယ်ကြီးသူ ထိုင်းလူမျိုးတဦး လည်ပင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးမူဖြစ်ပြီး အဲဒီ ရွာထဲက မြန်မာ အလုပ်သမားတွေကို အာဏာပိုင်တွေက လာရောက် စစ်ဆေးမူတွေ လုပ်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေကတော့ အဲဒီနေရာမှာ ထိုင်းလူမျိုးတွေကို အန္တရာယ်ပြုနိုင်လောက်တဲ့ အခြေအနေ မရှိဘဲ ထိတ်ထိတ်လန့်လန့်နဲ့သာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေ ပွဲစားတွေနဲ့ တက်လာခဲ့ပြီး ဘန်ကောက်နဲ့ ဝေးလံတဲ့ အဲဒီ နေရာမှာ အလုပ်လုပ်ရမယ်လို့ မမျှော်မှန်းထားကြောင်း၊ အဲဒီနေရာရောက်မှ ပတ်စ်ပို့တွေ လုပ်ကြပေမဲ့ အခု ထိတော့ ပတ်စ်ပို့ ကိုင်ဆောင်ခွင့် မရကြသေးကြောင်း ပြောပြပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမားတွေ အသတ်ခံရမူတွေက အရင်တုန်းကလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်ရှင်။