ထိုင်း-ကမ္ဘောဒီးယား အပြန်အလှန်ပစ်ခတ်

ထိုင်း-ကမ္ဘောဒီးယား အပြန်အလှန်ပစ်ခတ်

ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံကြားအငြင်းပွားနေတဲ့ နယ်ခြားဒေသမှာ စစ်သားတွေ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နှစ်ပေါင်း ၉၀၀ ရှိပြီဖြစ်တဲ့ ဟိန္ဒူဘုရားကျောင်းရှိရာနယ်မြေမှာ ပဋိပက္ခဖြစ်ပွားနေရာမှာ ဒါဟာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တခုပါ။ နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်တယ်လို့ ပြောနေကြတဲ့ ပရဝိဟာရ ဘုရားကျောင်းအနီး နယ်မြေထဲက ပစ်ခတ်မှုမှာ တဖက်နဲ့တဖက် သူအရင်ပစ်တယ်ဆိုပြီး စွပ်စွဲနေကြတာပါ။

ထိုင်းအစိုးရ ပြောခွင့်ရသူ Panitan Wattanyagorn ကတော့ လုံခြုံမှုမရှိတဲ့ နယ်စပ်ဒေသက အခြေအနေတွေကြောင့် ပဋိပက္ခတွေ ဖြစ်ပွားရတာလို့ ဆိုပါတယ်။ ဒီအတွက် ၂ ဖက်အကြား သဘောတူထားတဲ့ နားလည်မှု စာချွန်လွှာအရ အချေအတင် ဖြစ်နေရတဲ့ကိစ္စကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ လုပ်ရလိမ့်မယ်လို့လည်း ပြောဆိုခဲ့တာပါ။ ပစ်ခတ်မှုတွေကို စုံစမ်းစစ်ဆေးနေပြီး နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်မှုမရှိအောင် နှစ်ဖက်စလုံးက ကြိုးစားသွားရလိမ့်မယ်လို့လည်း ထိုင်းအစိုးရ ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

နယ်စပ်ပြဿနာတွေ ဖြေရှင်းရေးအတွက် ဆွေးနွေးဖို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေ ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်နေတုန်း အခုလို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ကြား ၂၀၀၈ ခုနှစ်ကတည်းက ပဋိပက္ခတွေ ဖြစ်ပွားခဲ့လို့ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။