ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲဆက်

ထိုင်း၊ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲဆက်

ထိုင်းနဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံ နိုင်ငံရေးသမားတွေကြား အငြင်းပွားကြရာက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အဆိုပြုထားတဲ့ကိစ္စ ပျက်ပြားခဲ့ရသလို ၆ ရက်မြောက်နေ့အဖြစ် အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က စလို့ ပဋိပက္ခတွေ ဖြစ်ပွားနေရာ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်း ၂ ခု အနီးမှာရှိတဲ့ နယ်စပ်ဒေသမှာ လက်နက်ငယ်တွေ၊ အမြောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာပါ။

ထိုင်းအာဏာပိုင်တွေကတော့ ကမ္ဘောဒီးယားနိုင်ငံက ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားတယောက် သေဆုံးသွားတယ်လို့ ပြောဆိုခဲ့တာကြောင့် ၆ ရက်အတွင်း သေဆုံးသူ ဦးရေဟာ ၁၄ ယောက်အထိ ရှိသွားပါပြီ။

သောကြာနေ့ကတည်းက ၄ ရက်ကြာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ နေရာကနေ အရှေ့ဘက် မိုင် ၉၀ လောက် အကွာမှာရှိတဲ့ ဖရဝိဟာရ ဘုရားကျောင်း အနီးမှာလည်း မနေ့တုန်းက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့ ကမ္ဘောဒီးယား ရုပ်မြင်သံကြားမှာတော့ ဒုက္ခသည်တွေဟာ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုကြောင့် စိုရွှဲနေတဲ့ ရွက်ဖျင်တဲတွေထဲမှာ ခိုလှုံနေရတာတွေကို ပြသခဲ့ပါတယ်။

ထိုင်းကာကွယ်ရေးဝန်ကြီး ပရာဝစ်တ် ဝေါင်ဆူဝန် (Prawit Wongsuwon) က ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်ကို သွားရောက်မယ့် ခရီးစဉ်ကို ဖျက်လိုက်တဲ့အတွက် ငြိမ်းချမ်းရေး ဒီကနေ့ ဆွေးနွေးမယ့် အစီအစဉ်တွေလည်း ပျက်ပြားသွားပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) ကတော့ ကာကွယ်ရေးဝန်ကြီး အနေနဲ့ တရုတ်နိုင်ငံကို သွားရောက်ဖို့ အစောပိုင်းကတည်းက စီစဉ်ထားတဲ့အတွက် ခရီးစဉ်ကို ဖျက်လိုက်ရတာလို့ နယ်စပ်ဒေသကို ဒီကနေ့ သွားရောက်စဉ်မှာ ပြောဆိုခဲ့တာပါ။

ထိုင်းနိုင်ငံ အနေနဲ့ ဆွေးနွေးဖို့ လိုလားပေမဲ့ ဒီလိုမလုပ်ခင်မှာ ကမ္ဘောဒီးယားနိုင်ငံဘက်က တိုက်ခိုက်မှုတွေကို အရင်ရပ်ရလိမ့်မယ်လို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဘက်ကတော့ တိုက်ပွဲတွေဖြစ်အောင် ထိုင်းနိုင်ငံဘက်က ရန်စနေတာလို့ တုံ့ပြန်ထားတာပါ။