ထိုင်းဝန်ကြီးချုပ် ရာထူးက ဆင်းပေးမည်မဟုတ်

ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ် နှုတ်ထွက်ပေးဖို့ အတိုက်အခံတွေက တောင်းဆိုနေပေမဲ့ အသစ်ကျင်းပမယ့် ဖေဖော်ဝါရီလ ၂ ရက် ရွေးကောက်ပွဲမတိုင်ခင် နှုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။ ဘန်ကောက်မြို့တော်မှာ တလကျော်ကြာမြင့်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် တနင်္လာနေ့မှာ ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပေးခဲ့ပြီး အခု အင်္ဂါနေ့မှာတော့ မစ္စစ် ယင်းလတ်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ကံကြမ္မာကို ထိုင်းပြည်သူတွေကိုယ်တိုင် ဆုံးဖြတ်ကြဖို့ တနင်္လာနေ့ နိုင်ငံတော် ရုပ်သံမိန့်ခွန်းမှာ ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပြီးတဲ့နောက်မှာတော့ ရွေးကောက်ပွဲအသစ် ကျင်းပဖို့ ရက်ကို ထိုင်းဘုရင်က သတ်မှတ် ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Suthep Thaungsuban ကတော့ ဝန်ကြီးချုပ် ယင်းလတ် နှုတ်ထွက်မပေးမချင်း ဆန္ဒပြမှုတွေကို ရပ်ဆိုင်းမှာမဟုတ်ဘဲ ပြည်သူ့ကောင်စီကို အာဏာလွှဲပြောင်းပေးဖို့ တောင်းဆိုနေတာပါ။ ထိုင်းဝန်ကြီးချုပ်ရုံး ပတ်ဝန်းကျင်မှာ တနင်္လာနေ့က ဆန္ဒပြသူ ၁ သိန်း ၄ သောင်းကျော်လောက် ရှိနေတယ်လို့ ရဲတွေကပြောပါတယ်။

မစ္စစ် ယင်းလတ်ကတော့ အာဏာအပြည့်မရှိပေမဲ့ သူဟာ ထိုင်းအစိုးရအဖွဲ့ထဲမှာပဲ ရှိနေမှာဖြစ်ပြီး ဝန်ကြီးချုပ်တာဝန်ကို ယာယီ ထမ်းဆောင်နေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လာမယ့်ရွေးကောက်ပွဲအသစ်မှာ မစ္စစ် ယင်းလတ် ဝင်ပြီး အရွေးခံမှာဖြစ်ကြောင်း သူ့ရဲ့ ဖွေထိုင်းပါတီက ပြောပါတယ်။ လွှတ်တော်မှာလည်း အတိုက်အခံပါတီက လွှတ်တော်အမတ်တွေဟာ တနင်္ဂနွေနေ့က နှုတ်ထွက်ခဲ့ကြတာပါ။