ရိုဟင်ဂျာလူကုန်ကူးသတင်းရေးသူ သတင်းထောက် ၂ ဦး အပြစ်မရှိ ထိုင်းတရားရုံးဆုံးဖြတ်

သြစတြေးလျ သတင်းထောက် Alan Morison နဲ့ လုပ်ဖော်ကိုင်ဖက် ထိုင်းသတင်းထောက် Chutima Sidasathian

လူမှောင်ခိုကူးဂိုဏ်းနဲ့ ထိုင်းရေတပ် ဆက်စပ်နေတဲ့အကြောင်း သတင်းရေးသား ဖော်ပြမှုကြောင့် အသားရေဖျက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ သြစတြေးလျ သတင်းထောက်တဦးနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ထိုင်းသတင်းထောက် တဦးတို့ကို ထိုင်းတရားရုံးက အပြစ်မရှိကြောင်း စက်တင်ဘာ ၁ ရက်နေ့က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက Phuketwan အင်္ဂလိပ် အွန်လိုင်းသတင်းစာမှာ ဆောင်းပါး ရေးသား ဖော်ပြခဲ့မှုအတွက် သြစတြေးလျနိုင်ငံသား Alan Morison နဲ့ ထိုင်းနိုင်ငံသား Chutima Sidasathian တို့ ၂ ဦးဟာ ထောင်ဒဏ် ၇ နှစ် ကျခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတာပါ။

“သူတို့ကို အပြစ်မရှိကြောင်း ဆုံးဖြတ်ချက်ချတဲ့အတွက် ထိုင်းတရားရေးစနစ်ကို ကျေးဇူးတင်တဲ့အပြင် သတင်းမီဒီယာအတွက်လည်း အကျိုးရှိစေမယ့် ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သြစတြေးလျသတင်းထောက် Alan Morison က ပြောသွားတာပါ။”

Reuter သတင်းဌာနက Pulitzer ဆုရရှိသွားတဲ့ အဲဒီ သတင်းဆောင်းပါးအရ - မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ သင်္ဘောတွေကို ထိုင်းရေတပ်က ငွေယူပြီး ကူညီပေးတာ၊ သို့တည်းမဟုတ် မသိချင်ယောင်ဆောင်တာတွေ လုပ်ခဲ့တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီသတင်းကြောင့် ထိုင်းရေတပ်က သူတို့ကို စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ ထိုင်းအစိုးရ တခြား ဌာနတွေ အပါအဝင် ထိုင်းရေတပ်ဟာ လူမှောင်ခိုဂိုဏ်းတွေနဲ့ ပါဝင်ပတ်သက်မှု ရှိတယ်လို့ မကြာခဏ စွပ်စွဲ ပြောဆိုခံနေရတာ ဖြစ်ပါတယ်။

ပြစ်ဒဏ်ကျခံနိုင်တဲ့ အသရေဖျက်မှုနဲ့ အင်တာနက် ဆိုဒ်ဘာဆိုင်ရာ ပြစ်မှုတွေနဲ့ စွဲချက်တင်ခံထားရတဲ့ သတင်းထောက် ၂ ဦးကို ထိုင်းနိုင်ငံ တရားရုံးက တရားသေ လွှတ်ပေးလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း CPJ - သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အခုနှစ် အစောပိုင်းတုန်းက ထိုင်းနဲ့ မလေးရှားနိုင်ငံ နယ်စပ်တွေက တောတွေအတွင်း လူမှောင်ခိုဂိုဏ်းတွေက စွန့်ပစ်သွားတဲ့ စခန်းတွေအနီးမှာ အလောင်းတွေ အစုလိုက် အပြုံလိုက် တွေ့ရှိအပြီး လူမှောင်ခိုကူးမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသူတွေကို အာဏာပိုင်တွေက လိုက်လံ ဖြိုခွင်းမှုတွေ လုပ်ဆောင်လာပြီးတဲ့နောက်ပိုင်း ဒီကိစ္စဟာ ရှေ့တန်းကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။