ထိုင်းဘုရင့် လွတ်ငြိမ်း ချမ်းသာခွင့် နိုင်ငံရေး ရှုပ်ထွေးမှုကြောင့်နှောင့်နှေး

ထိုင်းဘုရင့်တော်ဝင်မိသားစု။

ဒီကနေ့ကျရောက်တဲ့ ၈၆နှစ်မြောက် ထိုင်းဘုရင်မင်းမြတ်မွေးနေ့မှာ ထိုင်းထောင်တွေက အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စီစဉ်ထားပေမဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်ပေါ်မူတည်ပြီး ဆန့်ကျင် ဆန္ဒပြပွဲတွေဖြစ်နေတဲ့အတွက် အကျဉ်းသား လွှတ်ပေးဖို့အစီအစဉ်ကို လောလောဆယ် ဆိုင်းငံ့ထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကပြောပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာလည်း ဘုရင်ကြီးမွေးနေ့ဖြစ်တဲ့အတွက် နှစ်ဖက် ဆန္ဒပြပွဲတွေ ခေတ္တရပ်ဆိုင်းထားတဲ့အနေအထားမှာရှိနေပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်ပြောပြပေးမှာပါ။

ထိုင်းနိုင်ငံထဲက ထောင်အသီးသီးမှာ အကြောင်းအမျိုးမျိုး ပြစ်မှုတွေနဲ့ ပြစ်ဒဏ် ကျခံနေရတဲ့ မြန်မာနိုင်ငံသား အကျဉ်းသားတွေအတွက် ၈၆ နှစ်မြောက် ထိုင်းဘုရင်ကြီး (Bhumibol Adulyadej) မွေးနေ့ ဒီဇင်ဘာလ ၅ရက်နေ့ မှာ လွတ်ငြိမ်းချမ်းသာခွင့်ရရေး နဲ့ ပြစ်ဒဏ် လျော့ပေါ့စေရေး မြန်မာအစိုးရဘက် က ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက တဆင့် မေတ္တာရပ်ခံစာ ပေးပို့ တောင်းဆို ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိ ထိုင်းနိုင်ငံတွင်းမှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြန်တော်ပြန်ဝင်နိုင်ခွင့်ရစေနိုင်တဲ့ အငြင်းပွားစရာ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြမ်းကြောင့် လက်ရှိထိုင်းဝန်ကြီးချုပ် ယင်းလတ်ကို အပြင်းအထန်ဆန့်ကျင်ကြတဲ့ လူသေဆုံးတဲ့အထိ သွေးထွက်သံယိုဆန္ဒပြပွဲတွေ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားနေပါတယ်။

ဒါကြောင့် ဘုရင်ကြီးမွေးနေ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အစီအစဉ်ဟာ ကြန့်ကြာနိုင်ဖွယ်ရှိတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

" ဆန္ဒပြကြရတဲ့အခြေခံအကြောင်းတရားကိုက လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ ဥပဒေမူကြမ်းအပေါ်မူတည်ပြီးတော့ ဆန္ဒပြနေတာဖြစ်တဲ့အခါကျတော့
အတိုက်အခံတွေဘက်ကနေပြီး နိုင်ငံရေးအခြေအနေအရ ကန့်ကွက်နေတဲ့အခါမှာ ဘုရင်ကြီးမွေးနေ့လိုမျိုးမှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ထုတ်ပြန်ဖို့ရှိတယ်။ ချက်ခြင်း မထုတ်ပြန်နိုင်ဘူးပေါ့နော် ၊ နှောင့်နှေးစေတာမျိုးတွေလည်း အရင်နှစ်တွေကလည်း ဖြစ်ခဲ့တယ်။ ဒီနှစ်မှာလည်း ဒီလိုပဲ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေအရ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေမှုကြမ်းအပေါ်မှာ ဆန္ဒပြရင်းနဲ့မှ တဖြေးဖြေးပေါ့လေ။ အခုဆိုရင် အစိုးရကို ဖြုတ်ချဖို့ အထိ ရည်ရွယ်ချက်တွေကပြောင်းပြီးတော့ တဆက်တည်း ဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်နေတယ်။ ဘုရင်ကြီးမွေးနေ့မှာ တကယ်ဆိုရင်တော့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ပုံမှန်အားဖြင့်ဆိုရင် ထုတ်ပြန်ရမှာလေ။ ထုတ်ပြန်နိုင်မလား၊ မထုတ်ပြန်နိုင်ဘူးလားဆိုတာ ခနစောင့်ကြည့်ရမှာပဲ။"

တရားဝင်ထိုင်းထောင်စာရင်းအရ ထောင်ကျသူ မြန်မာ ၃ ထောင်ကျော် လေးထောင်လောက်ပဲ ရှိတယ်လို့ ဆိုပေမဲ့ မြန်မာနိုင်ငံသားဘက်က အကူအည ီတောင်းခံတဲ့ စာရင်း သောင်းဂဏန်းလောက်အထိ ရှိတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ပြောပါတယ်။

ထိုင်းအစိုးရရဲ့မူအရ မူးယစ်ဆေးဝါးမှုကလွဲလို့ တခြားပြစ်မှုတွေကိုပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အတွက် မူးယစ်မှုနဲ့ ထောင်ကျနေ တဲ့ မြန်မာနိုင်ငံသား အကျဉ်းသားတွေ ကိုတော့ ပြစ်ဒဏ်လျှော့ပေါ့စေရေးကိုပဲ လုပ်ဆောင်ပေးနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

"ထိုင်းနိုင်ငံထဲမှာရှိတဲ့ မြန်မာနိုင်ငံသားအကျဉ်းသားတွေပေါ့။ သူတို့တွေကလည်း အများစုက မူးယစ်ဆေးဝါးအမှုတွေနဲ့ပတ်သက်နေတယ်။ အဲ့တော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုတဲ့အခါမှာ ရာဇဝတ်မှုတွေ၊ ဒီလိုမူးယစ်ဆေးနဲ့ပတ်သက်တယ်ဆိုတဲ့ ပြစ်မှုတွေပေါ့နော်။ အဲ့ဒီ့ပြစ်မှုတွေက အကျုံးမဝင်ဘူးလို့ သိရတယ်။ မြန်မာနိုင်ငံသားလေ၊ ထိုင်းနိုင်ငံမှာရောက်နေတဲ့ အကျဉ်းသားတွေက ကိုးဆယ်ရာခိုင်နှုန်းကျော်လောက်က မူးယစ်ဆေးဝါးနဲ့ပတ်သက်နေတယ်ဆိုတဲ့အနေအထားတွေ သံရုံးကိုပေးတဲ့ စာတွေ အရ ကျနော်တို့တွေ့ရတာပေါ့။ ဆိုတဲ့ အခါမှာ ဒီကန့်သတ်ထားတယ် ဆိုတဲ့အထဲမှာတော့ ပါနေတယ်။ ဒါကြောင့်မို့လို့ သက်သာခွင့်ဆိုတာမျိုးတော့ ရကောင်းရသွားနိုင်တယ်ပေါ့။"

ဒီဇင်ဘာလ ၅ရက်နေ့မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့တော်မှာ အစိုးရဆန့်ကျင်သူဆန္ဒပြသူတွေလောက်ပဲ အနည်းအကျဉ်း ကျန်ပြီး ဆန္ဒပြသူအများစုကတော့ ဆန္ဒပြစခန်းတွေကို ရုပ်သိမ်းထားပေးတဲ့အတွက် တည်ငြိမ်စပြုနေတဲ့ အနေအထားဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်က ဘန်ကောက်လုံခြုံရေး အခြေအနေကို ပြောပြပါတယ်။

" ဒီနေ့က ဘုရင်ကြီးမွေးနေ့ပေါ့နော်။ ၈၆နှစ်မြောက်မွေးနေ့ဖြစ်တော့ အတိုက်အခံဘက်ကလည်း သတိထားပြီးတော့ ထိန်းသိမ်းသွားတယ်။ ထိန်းသိမ်းသွားတော့ အေးချမ်းနေတယ်လို့ ယူဆရတာပေါ့လေ။ ထူးခြားတဲ့လှုပ်ရှားမှုတွေတော့ မလုပ်ဘူး။ အစိုးရဘက်ကရော၊ လုံခြုံရေးပိုင်းကရော သတိထားတဲ့အခါကျတော့ ဒီနေ့ကတော့ အေးအေးချမ်းချမ်းနဲ့ပဲ ဘုရင်ကြီးမွေးနေ့ ပေါ်မှာ ဂုဏ်ပြုကြတဲ့အနေအထား ရှိတယ်လို့ယူဆရတယ်လေ။ ဒီနေ့ကတော့"

နှစ်စဉ်နှစ်တိုင်း ထိုင်းနိုင်ငံသူ နိုင်ငံသားတွေက သူတို့ရဲ့ ထိုင်းဘုရင်မင်းမြတ်နဲ့ မိဖုရားကြီးမွေးနေ့တွေကို တော်ဝင်အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်း ခမ်းနားကြီးကျယ်စွာ ဆင်ယင်ကျင်းပကြလေ့ရှိပါတယ်။ နိုင်ငံအတွင်း အစိုးရထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား နိုင်ငံရေး တင်းမာမှုတွေရှိနေဆဲဖြစ်ပေမဲ့ ကြာသပတေးနေ့မှာ ကျရောက်တဲ့ ဘုရင်ကြီးမွေးနေ့အတွက်တော့ အလေးအမြတ်ထားတဲ့အနေနဲ့ ဆန္ဒပြသူပြည်သူတွေကိုယ်တိုင်က ဆန္ဒပြစခန်းတွေကို ရှင်းလင်းပြီး ရပ်ဆိုင်းပေးခဲ့ကြတာဖြစ်ပါတယ်။