အွန်လိုင်းအလုပ်ရှာဖွေမှုကနေ လိင်သားကောင်ဖြစ်ရသူများ

မုဒိမ်းကျင့်ကျူးလွန်သူများထဲမှ တဦးအား ဖမ်းဆီးလာစဉ်။ (ဓာတ်ပုံ - မအေးအေးမာ၊ စက်တင်ဘာ ၂၁၊ ၂၀၁၉)

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ထဲမှာ အွန်လိုင်းကနေ အလုပ်ရှာဖွေနေသူ ထိုင်းနဲ့ မြန်မာနွယ်ဖွား မိန်းကလေး ၅၀ ကျော်ကို အလုပ်ရှာဖွေပေးမယ်ဆိုပြီး မူးယစ်ဆေးဝါး ရာဇဝတ်မှုတွေ လုပ်နေတဲ့လူတွေက ခေါ်သွားပြီး အလိုမတူဘဲ မူးယစ်ဆေးဝါးတွေ တိုက်ကျွေးပြီး လိင်ဆက်ဆံခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျူးလွန်သူထဲက တဦးကိုတော့ မဲဆောက်ရဲတွေက စက်တင်ဘာလ ၂၁ ရက်နေ့မှာ ဖမ်းမိခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့က မယ်ကု (Mae Ku)၊ မယ်ကစာ (Mae Kasa)၊ မယ်ပ (Mae Pa) နဲ့ ထဆိုင်လွတ်(ဝ) (Tha Sai Luad) ရပ်ကွက်တွေမှာ နေထိုင်နေကြတဲ့ မိန်းကလေးတွေ အများဆုံး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရတာပါ။

အွန်လိုင်းကနေ အလုပ်ရှာနေတဲ့ အမျိုးသမီးတွေကို တနာရီကို ထိုင်းဘတ်ငွေ ၅၀၀ နဲ့ နိုင်ငံခြားသားဧည့်ကြိုဆိုရေး၊ ဖက်ရှင်အလှပြမယ်၊ ခရီးသွားတွေလာရင် လမ်းပြ ဘာသာပြန် စတဲ့အလုပ်တွေ လုပ်ရမယ်ဆိုပြီး မက်လုံးပေး ကြော်ငြာထားတာကြောင့် မိန်းကလေးတွေက အလုပ်ရရှိဖို့အရေး အွန်လိုင်းကနေ ဆက်သွယ်ခဲ့တာပါ။ အလုပ်လုပ်ဖို့ ဆက်သွယ်လာတဲ့ မိန်းကလေးတွေကို ဓာတ်ဆီဆိုင်တဆိုင်မှာ တွေ့ဖို့ ချိန်းပြီး နောက်တနေရာခေါ်သွားခဲ့ပြီးမှ အလုပ်မရဘဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတယ်လို့ မိန်းကလေးတဦးက ဖွင့်ဟပြောဆိုခဲ့ပါတယ်။

“ကျမ အလုပ်ရှာနေတာပါ။ အွန်လိုင်းကနေ ဆက်သွယ်တာကတော့ နိုင်ငံခြားသားတွေလာရင် ဧည့်ကြိုအလုပ်ရမယ်၊ နိုင်ငံခြားသားတွေနဲ့ လိုက်ပြီး ဘာသာပြန်ပေးရမယ်၊ လမ်းပြပေးရမယ်၊ တနာရီကို ဘတ် ၅၀၀ ရမယ်ပြောပြီး ဆက်သွယ်တဲ့အခါမှာ တဦးတည်းလိုက်သွားရပြီး တနေရာကို ခေါ်သွားတယ်။ အဲဒီနေရာမှာ အင်အားသုံးပြီး မုဒိမ်းကျင့်တယ်။ သူတို့က မူယစ်ဆေးဝါးတွေ ကျွေးတယ်။ မုဒိမ်းကျင့်တာတွေ လုပ်ပါတယ်။ ကျမကတော့ အိမ်သာတက်ဦးမယ်ဆိုပြီး ကျမအသိတယောက်ကို ဖုန်းဆက်ပြီး အကူညီတောင်းလို့ လွတ်သွားခဲ့ပါတယ်။ ဒီလို အလုပ်ခံရတဲ့ အလားတူ မိန်းကလေးတွေ အများကြီးရှိပါတယ်။”

သူတို့ကတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေရဲ့ ပုံတွေကို ရိုက်ယူလာပြီး အရေးယူဖို့ ရဲစခန်းကို တိုင်ကြားခဲ့ပေမယ့် မှတ်တမ်းအဖြစ်သာယူခဲ့ပြီး အရေးယူမှုတွေတော့ မရှိသေးတာကြောင့် မဲဆောက်အခြေစိုက် သတင်းတွေမှာ ရေးသားဖော်ပြခဲ့တာပါ။

စက်တင်ဘာလ ၂၁ ရက်နေ့ကတော့ အသက် ၂၈ နှစ်အရွယ် ကျူးလွန်သူကို ဖမ်းမိသွားပြီဖြစ်ကြောင်း မဲဆောက်မြို့က ဒုရဲစခန်းမှူး ချိုင်ဝတ်အင်ထရာဆပ်က ပြောပါတယ်။

“အသက်အရွယ်ငယ်တဲ့ အသက် ၁၆ နှစ်၊ ၁၈ နှစ် မိန်းကလေးတွေကို သူကျူးလွန်တဲ့ပုံစံက တပုံစံတည်းပဲဖြစ်ပါတယ်။ သူ့ကို အရေးယူလို့ ရနေပါပြီ။ ဒီအန်အေစစ်ဖို့တော့ မလိုတော့ပါဘူး။ သူ အဓမ္မပြုကျင့်ခဲ့တဲ့ မိန်းကလေးတွေက သက်သေအဖြစ် ထွက်ဆိုနေပါပြီ။ မိန်းကလေးတွေ အနေနဲ့လည်း အွန်လိုင်းကနေ အလုပ်ရမယ်ဆိုပြီး ခေါ်တာတွေကို အယုံမလွယ်ကြဖို့” သတိပေးသွားပါတယ်။

မိန်းကလေးတွေကို ကားနဲ့ခေါ်သွားတဲ့နေရာဟာ မြို့နဲ့လှမ်းတဲ့ နေရာတွေ ဘန်ဂလိုနဲ့ တည်းခိုခန်းတွေ ဖြစ်ပါတယ်။ အများစုဟာ အင်အားသုံး ခြိမ်းခြောက်ပြီး အလိုမတူဘဲ ကာမဆက်ဆံခံရကြောင်း၊ မူးယစ်ဆေးဝါးတွေတိုက်ပြီး လိင်ဆက်ဆံမှုတွေ လုပ်ခဲ့ကြောင်း မိန်းကလေးတွေက ထွက်ဆိုပါတယ်။

ဒီထဲမှာ ထိုင်းနယ်စပ်မှာ နေထိုင်နေတဲ့ မြန်မာနွယ်ဖွား မိန်းကလေးတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သတင်းတွေမှာ ပါလာပြီးတဲ့နောက် ကျူးလွန်ခံရတဲ့ မိန်းကလေးတွေကို မေးမြန်းမှုတွေလုပ်ခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေကို မဲဆောက်မြို့ပိုင်ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ မဲဆောက်ရဲစခန်းက အခုလို ကျူးလွန်သူကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

---------------------------

(Unicode)











Your browser doesn’t support HTML5

အွန်လိုင်းအလုပ်ရှာဖွေမှုကနေ လိင်သားကောင်ဖြစ်ရသူများ