ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ တရက်ကြာခရီး သွားရောက်

  • ဦးရော်နီညိမ်း

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီဝ။ မေ ၂၉၊ ၂၀၁၀။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) ဟာ ဒီနေ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံကို တရက်ခရီး နေ့ချင်းပြန် သွားရောက်ခဲ့ပါတယ်။ သူဟာ မြန်မာပြည် ခရီးစဉ်ကို နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီးမှ အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ နေပြည်တော်မှာ သူ့ကို မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ သူရ ဦးရွှေမန်း၊ ဝန်ကြီးချုပ် ဦးသိန်းစိန်တို့က လက်ခံတွေ့ဆုံခဲ့တယ်လို့ စစ်အစိုးရပိုင် မီဒီယာတွေမှာ ကြေညာခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပန်နိတန် ဝမ်တနာ ယာဂွန်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝဟာ ဒီနေ့မနက်မှာ ဘန်ကောက်မြို့တော်ကနေ နေပြည်တော်ကို ထိုင်းလေတပ်ရဲ့ C-130 လေယာဉ်ကြီးနဲ့ ထွက်ခွာသွားခဲ့ပြီး သူနဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (kasit piromya) နဲ့ ထိုင်းဘုရင့်တပ်မတော်ရဲ့ ကြည်းတပ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်ကိုချတို့လည်း လိုက်ပါသွားခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွက် ဘယ်လို ရည်ရွယ်ချက်တွေ ထားရှိပါသလဲလို့ ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ပန်နိတန် ဝမ်တနာ ယာဂွန်ကို မေးကြည့်ခဲ့ပါတယ်။

“ဝန်ကြီးချုပ်က အဓိက ရည်ရွယ်ချက် ၃ ခုနဲ့ သွားတာပါ။ ပထမကတော့ အာဆီယံအဖွဲ့ထဲက နိုင်ငံခေါင်းဆောင်ချင်း မိတ်ဆက်တာပါ။ ဒုတိယ ရည်ရွယ်ချက်ကတော့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြားက အရေးအရာတွေ အားလုံးကို ဝန်ကြီးချုပ်နဲ့ မြန်မာခေါင်းဆောင်တွေ ကြားမှာ ပြန်လှန်သုံးသပ် ဆွေးနွေးကြဖို့ပါ။ နှစ်နိုင်ငံ နယ်စပ်ကိစ္စ၊ မူးယစ်ဆေးဝါး တိုက်ဖျက်မှု ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံက အကောင်အထည် ဖော်နေတဲ့ ဆောက်လုပ်ရေး စီမံကိန်းကြီးတွေမှာ ထိုင်းနိုင်ငံက ပါဝင်ရင်းနှီးမြှုပ်နံှရေး ဆိုတဲ့ ကိစ္စရပ်တွေကို အဓိက ထား ဆွေးနွေးသွားဖို့ ဒုတိယ ရည်ရွယ်ချက် ရှိပါတယ်။

“နောက်ဆုံးကတော့ အာဆီယံ အဖွဲ့ကြီးထဲက လုပ်ငန်းဆောင်တာ ကွန်ယက်ထဲမှာ ထိုင်းနဲ့ မြန်မာ ဆက်စပ်ပူးပေါင်း လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေကို နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးကြဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါ။ အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံ၊ တခြားနိုင်ငံတွေဆီ အထိ ရောက်မယ့် ရထားလမ်း၊ ကားလမ်း ဖောက်လုပ်ရေးမှာ ထိုင်းနဲ့ မြန်မာ ဆက်စပ်ပါဝင်နေတဲ့ ဆောက်လုပ်ရေး စီမံကိန်းကြီးတွေ အတွက် ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နံှခွင့် ရရှိရေးဆိုတဲ့ ကိစ္စက တတိယ ရည်ရွယ်ချက်ထဲက အဓိကပါပဲ။”

မြန်မာနိုင်ငံက ရွေးကောက်ပွဲကို ထိုင်းအစိုးရက ထောက်ခံကြောင်း မြန်မာစစ်အစိုးရကို သတင်းစကားပါးရေးဟာလည်း ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ထဲမှာ ပါရှိနေတယ်လို့ နိုင်ငံခြား သတင်းတွေမှာ ဖော်ပြထားတာအတွက် မစ္စတာ ဝမ်တနာ ယာဂွန်ကို မေးကြည့်တော့ သူက အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံက နိုင်ငံရေးလုပ်ငန်းစဉ် သို့မဟုတ် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ် သို့မဟုတ် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဲဒါတွေ အားလုံးကို ထိုင်းဘက်က လေးလေးစားစား သဘောထားပါတယ်။ ထိုင်းနိုင်ငံရဲ့ မြန်မာ့နိုင်ငံရေးဆိုင်ရာ ဒီသဘောထားကို နိုင်ငံတကာ အစည်းအဝေးတွေ၊ ညီလာခံတွေမှာ အမြဲလို ထုတ်ဖော် ပြောကြားနေပါတယ်။ မြန်မာအစိုးရကိုလည်း ရွေးကောက်ပွဲ လုပ်တဲ့ နေရာမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိစေဖို့၊ ပွင့်လင်းမြင်သာမှု ရှိဖို့၊ မြန်မာ့နိုင်ငံရေးမှာ အရေးပါသူတွေ အားလုံး ပါဝင်နိုင်စေဖို့ ဆိုတာ တွေကို ထိုင်းအစိုးရက အမြဲလို တိုက်တွန်း အားပေးနေတာပါ။

“တဘက်မှာလည်း မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ ပကတိ နိုင်ငံရေး အခြေအနေကို ကျနော်တို့က အလေးထားပါတယ်။ မြန်မာ့ပြည်တွင်း နိုင်ငံရေးကို မြန်မာပြည်သူလူထုကပဲ အဆုံးအဖြတ် ပေးလိမ့်မယ်လို့ ကျနော်တို့က မှတ်ယူပါတယ်။ ကျနော်တို့က ရွေးကောက်ပြီးရင် ပေါ်ပေါက်လာမယ့် မြန်မာအစိုးရသစ်အပေါ် အာရုံစိုက်တာကတော့ မြန်မာ့နိုင်ငံရေးမှာ ပိုမိုလမ်းဖွင့်ပေးဖို့ ဆိုတာပါ။ အောင်မြင်ထွန်း ပေါက်တဲ့ မြန်မာအစိုးရသစ် ဖြစ်စေဖို့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အခွင့်အလမ်းတွေ အားလုံး ဖွင့်ပေးထားဖို့ကိုလည်း ကျနော်တို့က မျှော်လင့်နေပါတယ်။ ဒါဟာ မြန်မာအစိုးရသစ်အတွက် ပထမဆုံး လှမ်းရမယ့် အရေးအကြီးဆုံး ခြေလှမ်းလို့ ကျနော်တို့က မြင်ပါတယ်။ မြန်မာအစိုးရသစ်နဲ့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားနိုင်ဖို့ ကျနော်တို့က မျှော်လင့်နေပါတယ်။”

မကြာသေးခင်ကပဲ ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီဝက ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့် ပြုသင့်တယ်လို့ ပြောဆိုတဲ့အကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ ခေါင်းကြီးပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ အဲဒီလို ဘာကြောင့် ရွေးကောက်ပွဲပြီးမှ ဖြစ်ပေါ်လာတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်စေချင်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုရပါသလဲလို့ မေးကြည့်တဲ့ အခါမှာတော့...

“ဘာကြောင့်လဲဆိုတော့ ထိုင်းနဲ့ မြန်မာကြားက ရှည်လျားတဲ့ နယ်စပ်တလျှောက်မှာ ကုန်သွယ်ရေး လုပ်ငန်းတွေ အများကြီး လုပ်ကိုင် နေပါတယ်။ နယ်စပ်ဆိုင်ရာ တခြားကိစ္စတွေမှာလည်း အောင်မြင်တဲ့ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ရှိနေပါတယ်။ မြန်မာ နိုင်ငံကလာတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ကိစ္စ၊ နစ်စပ်ဖြတ်ကျော် ဝင်ရောက်ကြတဲ့ ကိစ္စမျိုးတွေ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်း ဖြေရှင်း ရမယ့် ကိစ္စတွေကလည်း ရှိနေပါတယ်။ ရွေးကောက်ပွဲ ပြီးသွားတဲ့ မြန်မာနိုင်ငံရဲ့ လုပ်ငန်းစဉ်မှာ အရေးပါ သက်ဆိုင်နေသူတွေ အားလုံး ပါဝင်နေမှ၊ ဒီကိစ္စတွေအတွက် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောနေ တာပါ။”

ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား ၂,၀၀၀,၀၀၀ ကျော်ဟာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ မျိုးစုံနဲ့ ရင်ဆိုင်နေကြရတာနဲ့ ပတ်သက်ပြီးတော့ ဒီခရီးစဉ်မှာ ထိုင်းအစိုးရက ဘယ်လို ကူညီဆောင်ရွက် ဖြေရှင်းပေးမယ်ဆိုတာ ထည့်သွင်း ဆွေးနွေးဖို့ ရှိပါသလားလို့ မစ္စတာ ဝမ်တနာ ယာဂွန်ကို မေးကြည့်ခဲ့ပါတယ်။

“အခွင့်အရေး ပေးတာနဲ့ ကျနော်တို့ ဝန်ကြီးချုပ် ထိုင်းနိုင်ငံထဲက နိုင်ငံခြားသား အလုပ်သမားတွေ၊ အထူးသဖြင့် လူဦးရေအားဖြင့် အကြီးဆုံးရှိနေတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်နဲ့ အထွေထွေ အခြေအနေတွေ တိုးတက်မှုရှိအောင် အစီအစဉ်တွေ အမျိုးမျိုး ချမှတ် ဆောင်ရွက်သွားဖို့ ပြင်ဆင်နေပါတယ်။

“နိုင်ငံခြားသား အလုပ်သမားတွေ ထိုင်းနိုင်ငံထဲမှာ အထွေထွေ အဆင်ပြေစေရေးဆိုတာ ကျနော်တို့က အာမခံထားတဲ့ ကိစ္စပါ။ အခု ဆိုရင် ရွှေ့ပြောင်း နိုင်ငံခြားသား အလုပ်သမားတွေ တရားဝင် မှတ်ပုံတင်တဲ့ကိစ္စဟာ လူပေါင်း ၁၅၀,၀၀၀ အတွက် လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ထဲမှာ ပြီးဆုံးသလောက် ရှိပါပြီ။ နောက် ၈၀၀,၀၀၀ အတွက်လည်း မကြာခင် ကျနော်တို့ စပြီး လုပ်ဆောင်သွားမှာပါ။”

ထိုင်းအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ပန်နိတန် ဝမ်တနာ ယာဂွန်က ဗွီအိုအေကို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီဝဟာ ၂၀၀၈ ခုနှစ်မှာ သူ ဝန်ကြီးချုပ် ဖြစ်လာပြီးကတည်းက အခုသွားရောက်တဲ့ ခရီးစဉ်ဟာ သူ့ရဲ့ မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်တဲ့ခရီး ဖြစ်ပါတယ်။