ထိုင်း ငါးဖမ်းပိုက်စက်ရုံ မြန်မာအလုပ်သမားတွေနဲ့ အလုပ်ရှင်တို့ အခြေအနေတင်းမာ

ထိုင်း၊ လာအိုနယ်စပ်မှာရှိတဲ့ ဒေချာဖန်းနစ် ငါးဖမ်းပိုက်ကွန် စက်ရုံမှာ ပြီးခဲ့တဲ့လ ၇ ရက်နေ့ကစပြီး အလုပ်သမားတွေ ကိုင်ဆောင်ရမယ့် နိုင်ငံကူး လက်မှတ်တွေ၊ အလုပ်လုပ်ခွင့် ကတ်ပြားတွေ၊ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် လက်မှတ်တွေနဲ့ လုပ်အားခ ကိစ္စတွေအတွက် မြန်မာအလုပ်သမားတွေက တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ နောက်ဆုံးမှာ အလုပ်ရှင်က ခြိမ်းခြောက်တာတွေ၊ မောင်းထုတ်တာတွေ၊ လက်မှတ်တွေကို ပယ်ဖျက်လိုက်ပြီလို့ ပြောဆိုတာတွေနဲ့ လုပ်အားခတွေကို စက်ရုံအပြင်ကို ထွက်သွားမှ ပေးမယ်လို့ ဆိုတာကြောင့် အလုပ်သမားအရေး လိုက်လံ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေရဲ့ တိုက်တွန်းချက်အရ အလုပ်သမား ၅၆၉ ယောက်ဟာ ဒီနေ့မှာပဲ စက်ရုံကနေ ထွက်ခွာပေးခဲ့ရပြီး စက်ရုံနဲ့ ၃ ကီလိုလောက်ဝေးတဲ့ ဘုန်းတော်ကြီးကျောင်း တခုမှာ နေထိုင်ရပါတယ်။ သူတို့အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အလုပ်သမားရေး လုပ်နေတဲ့ အဖွဲ့တွေနဲ့ လူ့အခွင့်အရေး ရှေ့နေတွေက ကြိုးစား လုပ်ဆောင်ပေးနေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း၊ လာအိုနယ်စပ်က ခွန်ကယ်မြို့က ဒေချာဖန်းနစ် ပိုက်ကွန်စက်ရုံက မြန်မာအလုပ်သမားတွေကို အလုပ်သမား လက်မှတ်တွေ ပယ်ဖျက်လိုက်ကြောင်း စက်ရုံမှူးက ပြောဆိုပြီး မောင်းထုတ်တာတွေ လုပ်ခဲ့သလို အမည်မသိ သေနတ်သမားတွေက ပစ်ခတ်ပြီး ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာကြောင့် ပတ်စ်ပို့ကိုင်ထားပြီး အလုပ်လုပ်ခွင့် လက်မှတ်နဲ့ လုပ်အားခရဖို့ စောင့်နေရတဲ့ အလုပ်သမားတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာ အခြေအနေကို ရောက်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ အောက်တိုဘာလ ၁၃ ရက်နေ့က လူ့အခွင့်အရေး ရှေ့နေတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့က ကိုယ်စားလှယ်တွေ ရောက်ရှိလာပြီးနောက် အလုပ်သမားတွေ ကိစ္စကို ဆွေးနွေးရာမှာ စက်ရုံပြင်ပကို ထွက်ပေးမှ လုပ်အားခ ရှင်းပေးမယ် ဆိုတာကြောင့် ဒီနေ့မှာပဲ အလုပ်သမားတွေက စက်ရုံကနေ ထွက်ခွာပေးခဲ့ရပါတယ်။ ညနေ ၅ နာရီကျော် အချိန်လောက်မှာတော့ ပတ်စ်ပို့လက်ကျန်တွေ ပေးဖို့နဲ့ လုပ်အားခရှင်းဖို့ စက်ရုံမှူး လာရောက်နေပြီဖြစ်ကြောင်း အလုပ်သမား တဦးက အခုလို ပြောပါတယ်။

“ဒီပတ်စ်ပို့ကိစ္စနဲ့ ပတ်သက်ပြီး အခုဆိုရင် ပထမဦးဆုံး တန်းစီတာကတော့ ပတ်စ်ပို့ကို ပထမဦးဆုံး ထုတ်ပေးမယ်။ အခု တယောက်ချင်း တယောက်ချင်းကို လိုက်ကောက်နေတယ်။ နောက်တကြိမ်ကျရင် လစာကိစ္စနဲ့ ပတ်သက်လို့ စက်ရုံမှူး ကိုယ်တိုင်က ထုတ်ပေးမယ်။ အခု ဒီညနေ ပေးမယ်လို့တော့ သူတို့ အားလုံး စီစဉ်ထားတယ်။ ပြောလည်း ပြောတယ်၊ တန်းလည်း စီပြီးပြီ၊ ပေးမယ်ဆိုတာ။ ပုလိပ်တွေရော၊ ထိုင်းရှေ့နေတွေရော အဖွဲ့အသီးသီးက ရောက်လာကြတာပေါ့။”

အခုလိုမျိုး အလုပ်သမားတွေကို ငွေရှင်းပြီးတာနဲ့ အလုပ်လုပ်ခွင့် ကတ်ပြားတွေလည်း ပယ်ဖျက်ပြီး ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်ကို ပြန်ပို့မယ် ဆိုတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးကျော်သောင်းက အလုပ်သမားတွေရဲ့ လက်မှတ်ကို ပယ်ဖျက်လို့ မရကြောင်း ရှေ့နေတွေနဲ့ အကျေအလည် ဆွေးနွေးခဲ့ရတယ်လို့ ဆိုပါတယ်။

“သူဌေးက အတော်ညစ်တယ်။ သူညစ်တာက အလုပ်သမားတွေကို စက်ရုံထဲမှာ ပိုက်ဆံမချေဘူး။ လက်ထဲကို ငွေမရသေးဘူး၊ ယာယီပတ်စ်ပို့တွေ မရသေးဘူး။ အလုပ်သမားတွေက စောင့်နေကြတယ်။ ယာယီပတ်စ်ပို့ရှိတဲ့ အလုပ်သမားနဲ့ လုပ်ငန်းရှင်နဲ့ ပြဿနာတက်တိုင်း နယ်စပ်ကိုသာ ပြန်ပို့မယ်ဆိုရင်၊ နှစ်သိန်းခွဲကနေ လေးသိန်းကြားရှိတဲ့ အလုပ်သမားတွေ သူဌေးနဲ့ ပြဿနာ တက်တိုင်း တက်တိုင်း နယ်စပ်ကို ပြန်ပို့ခံရမယ်ဆိုရင်၊ ယာယီပတ်စ်ပို့လုပ်တာ တသောင်းခွဲကနေ နှစ်သောင်းလောက်ကုန်တယ်၊ အလုပ်သမားတွေအတွက် ဒီယာယီပတ်စ်ပို့က ဘယ်လောက်အထိ အကာအကွယ် ရတယ်၊ သူဌေးတွေ လုပ်ချင်သလို လုပ်လို့မရဘူးဆိုတဲ့ အရေးကြီးမှု ဖြစ်အောင်လုပ်ပါလို့ ကျနော်တို့ ပြောတယ်။”

ဒီနောက်မှာတော့ အလုပ်သမားလက်မှတ် ပယ်ဖျက်ရေး မလုပ်နိုင်ဖို့ လူ့အခွင့်အရေး ရှေ့နေတွေက အားထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုင်း၊ မြန်မာနယ်စပ်ကို ပြန်ပို့ရေးကိုတော့ မလုပ်နိုင်အောင် အလုပ်သမားတွေကို လက်ခံမယ့် အလုပ်ရှင်တွေထံ ပေးပို့ဖို့ လုပ်ဆောင်ကြမယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။ အလုပ်သမားတွေကတော့ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့က စပြီး သူတို့ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ကြောင်း အလုပ်သမားတဦးက အခုလို ပြောပါတယ်။

“မြန်မာသံရုံးကို ဖုန်းခေါ်တာ ခေါ်လို့မရပါဘူး။ မြန်မာသံရုံးကလည်း အကူအညီ မရပါဘူး။ ဘယ်လိုလာကူညီမှာလဲ၊ သူ့ဟာသူ ရုံးမှာနေတဲ့သူ။ ညီမတို့ အခုဖြစ်နေတာ၊ ရင်ဆိုင်နေရတာ သူတို့က အကြံဉာဏ်လည်း ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့ဆီ ဖုန်းဆက်တော့လည်း ဖုန်းဆက်လို့ကို မရဘူး။”

အခုလို အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခဲ့တဲ့ ဒေချာဖန်းနစ် ငါးဖမ်းပိုက်စက်ရုံဟာ ကမ္ဘာမှာ ငါးဖမ်းပိုက် စက်ရုံကြီးတွေထဲက တခုအပါအဝင်ဖြစ်ပြီး အမေရိကန်၊ ဒိန်းမတ်၊ စပိန်၊ ကနေဒါ၊ ဂျပန်နိုင်ငံ စတဲ့ နိုင်ငံပေါင်း ၄၀ ကျော်ကို သူ့ကုန်ပစ္စည်းတွေ တင်ပို့နေတာလည်း ဖြစ်ပါတယ်။

ရွှေ့ပြောင်း အလုပ်သမားရေး လုပ်နေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ကိုထူးချစ်ကတော့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ဒေချာဖန်းနစ် စက်ရုံကို သပိတ်မှောက်ရေး လုပ်ငန်းတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ နိုင်ငံတကာကို ပို့နေတဲ့ စက်ရုံအနေနဲ့ အခြေခံ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်တာကို နိုင်ငံတကာမှာရှိတဲ့ ကုမ္ပဏီတွေ အနေနဲ့ လုံး၀ လက်ခံနိုင်စရာအကြောင်း မရှိဘူး။ ဒါကြောင့် သူတို့ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူနေတဲ့ ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာ နိုင်ငံတွေက မဝယ်ဖို့ လှုံ့ဆော်မှု ကမ်ပိန်းတွေ လုပ်ဖို့ စဉ်းစားထားပါတယ်။”

နောက်ဆုံးသတင်းတွေအရ အလုပ်သမားတွေထဲက ကျန်ရှိနေတဲ့ ပတ်စ်ပို့စာအုပ်တွေကို ထုတ်ဝေပေးနေပြီး လုပ်အားခတွေကို ရေမီးခတွေ နှုတ်ပြီး ပြန်ပေးမယ်လို့ အလုပ်ရှင်ဘက်က ပြောဆိုနေပါတယ်။ အလုပ်သမားတွေကတော့ သူတို့အနေနဲ့ ရှေ့ဆက် ဘာဖြစ်လာမလဲ ဆိုတာကို မှန်းဆလို့ မရနိုင်သေးကြောင်း၊ လောလောဆယ်မှာတော့ ထိုင်းနိုင်ငံကနေ ထွက်ခွာပြီး မြန်မာနိုင်ငံ ပြန်ဖို့အတွက်တော့ အစီအစဉ် မရှိကြောင်း၊ ထိုင်းနိုင်ငံထဲမှာပဲ အလုပ်အကိုင်တွေ ရှာဖွေသွားမယ်လို့ ပြောဆိုနေပါတယ်။