တရားရုံး ဆုံးဖြတ်ချက်ကြောင့် ထိုင်းအစိုးရ ဆက်တည်မြဲ

တရားရုံး ဆုံးဖြတ်ချက်ကြောင့် ထိုင်းအစိုးရ ဆက်တည်မြဲ

ထိုင်းနိုင်ငံ တရားဥပဒေခုံရုံး တခုက အစိုးရပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီကို ဖျက်သိမ်းဖို့နဲ့ ဝန်ကြီးချုပ်ကို နိုင်ငံရေး မလုပ်ဖို့ တားမြစ်ဖို့ တင်ထားတဲ့အမှုကို ငြင်းပယ်လိုက်ပါတယ်။

တရားသူကြီး ၆ ဦးပါတဲ့ ဖွဲ့စည်းပုံခုံရုံးက ဒီအမှုဟာ တရားမဝင်ဘူးလို့ ၄ မဲ ၂ မဲနဲ့ ဒီနေ့ပဲ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။ ခုံရုံးက အကြောင်းပြတာက ဒီအမှုကို ထိုင်း ရွေးကောက်ပွဲ ကော်မရှင်က နောက်ဆုံးသတ်မှတ်ထားတဲ့ ၁၅ ရက် ကျော်လွန်ပြီးမှ တင်ခဲ့လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က ဒီမိုကရက်တစ်ပါတီဟာ ၂၀၀၅ ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ချိန်မှာ ပြည်သူ့ဘဏ္ဍာတွေကို တလွဲသုံးခဲ့တယ်လို့ စွပ်စွဲပြီး ပါတီကို ဖျက်သိမ်းဖို့ အကြံပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက လက်ရှိဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) ဟာ ပါတီရဲ့ ဒုတိယအကြီးဆုံး ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။

မစ္စတာ အဘီဆစ်က သူ အပြစ်ရှိခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် သူ ချက်ချင်း နှုတ်ထွက်ပေးမယ်လို့ ဒီဆုံးဖြတ်ချက် မချခင် ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) နဲ့ မဟာမိတ် လုပ်ခဲ့တဲ့ နောက်ဆုံး ထိုင်းဝန်ကြီးချုပ်ဟောင်း ၂ ဦးဟာ ဥပဒေခုံရုံးရဲ့ အမိန့်အောက်မှာ ရာထူးကနေ နှုတ်ထွက်ပေးခဲ့ရပါတယ်။

ဒီခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ မစ္စတာ တပ်ခ်ဆင်ကို ထောက်ခံတဲ့ အနီရောင်ဝတ် ဆန္ဒပြသူတွေက ဒီနှစ်ဆန်းပိုင်းထဲမှာ ဆန္ဒပြပွဲတွေ လုပ်ခဲ့ပြီး လူအသေအကျေ ရှိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။