ဘက်မလိုက် ယာယီဝန်ကြီးချုပ်ခန့်အပ်ဖို့ ထိုင်းအစိုးရစဉ်းစားမည်

ယာယီဝန်ကြီးချုပ် Niwatthamrong Boonsongphaisan

ထိုင်းနိုင်ငံမှာ အတိုက်အခံတွေရဲ့ အဓိက တောင်းဆိုချက်တခုဖြစ်တဲ့ ဘက်မလိုက် ယာယီဝန်ကြီးချုပ်တဦး ခန့်အပ်နိုင်ဖို့ အစိုးရအနေနဲ့ စဉ်းစားမှာဖြစ်တဲ့အကြောင်း ယာယီဝန်ကြီးချုပ် Niwatthamrong Boonsongphaisan က ပြောပါတယ်။

ဥပဒေထဲက ဘယ်အခန်းတွေ၊ အပိုဒ်ခွဲတွေက ယာယီဝန်ကြီးချုပ်တဦးကို ရွေး ချယ်ခွင့် ပေးထားသလဲ ဆိုတာကို လေ့လာရဦးမှာ ဖြစ်သလို၊ တောင်းဆိုမှုတွေ ကို ငြင်းပယ်တာမျိုး မဟုတ်ဘဲ ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာကို ကြည့်ရဦးမှာ ဖြစ်တဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ဖွဲ့စည်းပုံအခြေခံတရားရုံး ဆုံးဖြတ်ချက်အရ လတ်တလောမှာတော့ အစိုးရအဖွဲ့ဝင် ၂၅ ယောက်က ဆက်လက် တာဝန်ယူထားဦးမှာ ဖြစ်တယ်လို့ လည်း ယာယီဝန်ကြီးချုပ်က ပြောပါတယ်။

အာဏာအလွဲသုံးစားမှုနဲ့ ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra နဲ့ အစိုးရအဖွဲ့ဝင် တော်တော်များများကို ရာထူးက ဖယ်ရှားလိုက်ပြီးတဲ့နောက် ယာယီဝန်ကြီးချုပ်တဦးကို ခန့်အပ်လိုက်ပေမဲ့လည်း လက်မခံနိုင်ကြတဲ့ အတိုက်အခံတွေကတော့ ဖိအားပေးတဲ့အနေနဲ့ ဘန်ကောက်မြို့က အစိုးရရုံးချုပ်ရှိရာနေရာမှာ စုဝေး ဆန္ဒပြနေကြပြီး ဘက်မလိုက်တဲ့ အစိုးရတရပ် ပေါ်ပေါက်ရေး အပါအဝင် တောင်းဆိုချက်တွေနဲ့ ဆက်လက် ကန့်ကွက် ဆန္ဒပြနေကြတာပါ။

ယာယီဝန်ကြီးချုပ်ကတော့ ဒီမိုကရေစီနည်းကျတဲ့ အစိုးရတရပ် ပေါ်ပေါက်လာရေး အမြန်ဆုံး ဦးစားပေး ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ဇူလိုင်လ ၂၀ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ အာဏာရပါတီကသာ တကျော့ပြန် အနိုင်ရနိုင်တယ်လို့ ခန့်မှန်းနေကြတဲ့အတွက်လည်း မတည်မငြိမ် အခြေအနေတွေနဲ့ နိုင်ငံရေး အရ သွေးထွက်သံယို အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြပါတယ်။