ထိုင်းနိုင်ငံရေး ရှေ့ဆက်ငြိမ်သက်ဖွယ် မရှိ

ထိုင်း ဝန်ကြီးချုပ် Prayuth Chan-ocha (ဇွန်၊ ၀၆၊ ၂၀၁၉)

ထိုင်း ဝန်ကြီးချုပ် Prayuth Chan-ocha (ဇွန်၊ ၀၆၊ ၂၀၁၉)

ထိုင်း ဝန်ကြီးချုပ် Prayuth Chan-ocha ဟာ ဒီလအကုန်မှာ အစိုးရအဖွဲ့သစ်နဲ့အတူ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပေမဲ့ သူ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းတုန်းက ကတိပြုခဲ့သလို ထိုင်းနိုင်ငံအတွင်း စည်းလုံးညီညွတ်မှှုကို တွေ့ရဦးမှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

Prayuth Chan-ocha အာဏာ သိမ်းစဉ်က သူ့အနေနဲ့ ထိုင်းလူမှု အဖွဲ့အစည်းမှာ တည်ရှိနေတဲ့ အကွဲအပြဲကို ကုစားမယ်လို့ ဆိုခဲ့ပေမဲ့ ထိုင်းစစ်တပ် ၅ နှစ်ကြာ အုပ်ချုပ်အပြီးမှာ ထိုင်းအဖွဲ့အစည်းထဲက အကွဲအပြဲက ရှိနေဆဲဖြစ်တဲ့အပြင် Prayuth Chan-ocha ရဲ့အစိုးရ ဘာအချိန်မှာ ပြိုကွဲမလဲဆိုတာကို တွက်ဆနေကြပါတယ်။

Eurasia Group အဖွဲ့က နိုင်ငံရေးအတိုင်ပင်ခံ Per Mumford ကတော့ ထိုင်း အစိုးရသစ် လေး နှစ်ကြာတဲ့တိုင် တည်မြဲမယ်ဆိုရင် သူ့အနေနဲ့ တအံ့တသြ ဖြစ်မိမယ်လို့ ဆိုပါတယ်။ မတ်လအတွင်းက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရတဲ့ပါတီ မရှိတာကြောင့် Prayuth Chan-ocha ရဲ့ ညွန့်ပေါင်းအစိုးရသစ်မှာ ပါတီ ၁၉ ခု ပါဝင်နေပြီး တပါတီနဲ့ တပါတီအကြား အစိုးရအဖွဲ့ ရာထူးနေရာခွဲဝေယူထားကြသလို နိုင်ငံရေး ကတိတွေပေးပြီး ပြိုင်ဆိုင်နေကြပါတယ်။

စင်္ကာပူအခြေစိုက် အရှေ့တောင်အာရှဒေသ လေ့လာရေး Institute က သုတေသီ Punchada Sirivunnabood က လောလောဆယ်မှာပဲ Prayuth Chan-ocha ကို online မှာ အတိုက်အခံ ပြောကြား ရေးသားတာတွေ အင်တာနက်တစ်ခုလုံး ပြန့်နှံ့နေပြီဖြစ်ကြောင်း ထိုင်း စစ်တပ်ဟာ သဘောထား မတူတဲ့သူတွေအကြား ညှိနှိုင်းပေးပြီး အမျိုးသား ပြန်လည်စေ့စပ်ရေးကို လုပ်မယ့်အစား စစ်တပ် အာဏာ တည်မြဲဖို့အတွက် ဥပဒေတွေကို တရကြမ်း ပြင်ဆင် ရေးဆွဲနေတယ်လို့ ပြောပါတယ်။

ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးဘာသာ ကထိက Thitinan Pongsudhirak ကတော့ စစ်တပ် အာဏာသိမ်းမှုတွေ၊ အခြေခံ ဥပဒေတွေနဲ့ ရွေးကောက်ပွဲ သံသရာ လည်နေတာကတော့ ရပ်ဆိုင်းဖို့ မရှိသေးဘူးလို့ ပြောပါတယ်။

Your browser doesn’t support HTML5

ထိုင်းနိုင်ငံရေး ရှေ့ဆက်ငြိမ်သက်ဖွယ် မရှိ