ထိုင်း စိုက်ခင်းထဲ ပျောက်ဆုံးမြန်မာကလေး ထိုင်းအာဏာပိုင်တွေ ကူညီရှာဖွေ

ပျောက်ဆုံးနေတဲ့ မြန်မာကလေး စိုးလေးဖြူ (TV Screen Shot)

ထိုင်းနိုင်ငံ စူဖန်ဘူရီ အိုထောင်ခရိုင် စဖန်လန်ကျေးရွာအုပ်စု(၉)မှာ ဧက ၁၀၀၀ ကျယ်ဝန်းတဲ့ ကြံတောအတွင်း ၆ ရက်ကြာအထိ ပျောက်ဆုံးနေတဲ့ မြန်မာကလေးငယ်ကို ထိုင်းအာဏာပိုင်တွေက ရှာဖွေအင်အား ၃၀၀ လောက်သုံးပြီး ရဟတ်ယာဉ်နဲ့ ကူညီရှာဖွေပေး နေပါတယ်။

ဒီအကြောင်း အသေးစိတ်ကို VOA သတင်းထောက် မအေးအေးမာက ပြောပြထားပါတယ်။

ထိုင်းနိုင်ငံ စူဖန်ဘူရီ ခရိုင်တွင်းက ဧက ၁၀၀၀ လောက်ကျယ်ဝန်းတဲ့ ကြံတောအတွင်း အသက် သုံးနှစ်အရွယ် မိန်းခလေးငယ်တစ်ဦးနဲ့ကစားနေရင်းနဲ့ အသက် ၂နှစ်အရွယ် စိုးလေးဖြူ ဆိုတဲ့ မြန်မာကလေးဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးငယ်ရဲ့မိဘတွေကတော့ မြန်မာနိုင်ငံသား မိသားစုဝင်တွေဖြစ်ပြီး ခြံခုတ်လုပ်သားအဖြစ် လာရောက်လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်။

ပထမရက်တွေမှာ ဘဝတူ ကြံလုပ်သားတွေက ကူညီရှာပေးခဲ့ကြပေမယ့် ဒီဇင်ဘာလ၂၂ရက်နေ့အထိ ကလေးငယ်ကို ရှာမတွေ့သေးတာကြောင့် ဒီဇင်ဘာ ၁၉ ရက်နေ့ကစပြီး ထိုင်းရဲတပ်ဖွဲ့နဲ့လူမှုရေးအဖွဲ့ဝင် စုစုပေါင်း ၃၀၀ ကျော်တို့က မြန်မာကလေးငယ်ကို ကယ်တင်နိုင်ဖို့ထိုင်းအာဏာပိုင်တွေက ကူူညီရှာဖွေ ပေးနေကြပါတယ်။
စူဖန်ဘူရီ မြို့ပိုင်ကိုယ်တိုင် လာရောက် သတင်းမေးမြန်းခဲ့ပြီး ခရိုင်အတွင်း အသုံးပြုနေတဲ့ ဌာနဆိုင်ရာ ရဟတ်ယာဉ်တစ်စီးကို ကူညီရှာဖွေဖို့ စေလွှတ်ခဲ့ကြောင်း မြို့ပိုင်က အခုလိုပြောသွားပါတယ်။

“ကျနော်တို့က ဒီကလေးကို ကယ်ဆယ်နိုင်ဖို့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ဌာနဆိုင်ရာကို ညွှန်ကြားထားပါတယ်။ရဟတ်ယာဉ်နဲ့လည်း ရှာဖွေပေးနေပါတယ်၊ ဒီမြန်မာကလေးရဲ့ဖြစ်ရပ်မှန်ကို သိအောင် ဖော်ထုတ်ပေးပါမယ်။ ဒီကလေးကို တဦးတယောက်ကပဲ ခေါ်ဆောင်သွားတာလား ကြံတောထဲမှာပဲ ပျောက်ဆုံးနေတာလား ဘယ်လိုဖြစ်ဖြစ် ကျနော်တို့က စုံစမ်းပေးသွားမှာဖြစ်ပါတယ်” … ဆိုပြီး ပြောသွားတာပါ။

ပျောက်ဆုံး မြန်မာကလေးငယ်နှင့် မိခင်

ကလေးရဲ့ အသက်ကို ကယ်တင်နိုင်ဖို့လိုအပ်ရင် ကြံပင်တွေအားလုံး ခုတ်ပေးဖို့ ကြံစိုက်ခင်း ပိုင်ရှင်ကလည်း ခွင့်ပြုခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ပျောက်ဆုံးနေတဲ့ ကလေးရဲ့ မိခင်နဲ့ဖခင်ကတော့ ကလေးငယ်ဟာ ကြံတောအတွင်းမှာပဲ အသက်ရှင်လျက် ရှိနေနိုင်တယ်လို့ ယုံကြည်နေပြီး ကလေးနာမည်ကို အော်ခေါ်ပြီး ရှာဖွေနေပါတယ်။

မြန်မာကလေးကို နေ့စဉ် ကူညီရှာပေးနေကြတဲ့ ထိုင်းလူမူအဖွဲအစည်းနဲ့ အာဏာပိုင်တွေပါဝင်တဲ့ လူအင်အား ၃၀၀ ကျော်အတွက် ထိုင်းဘုရင့်တော်ဝင် မိသားစုကလည်း နေ့စဉ် အစားအသောက်အတွက် တာဝန်ယူပေးနေတယ်လို့ဆိုပါတယ်။ ၆ ရက်ကြာ ပျောက်ဆုံးနေတဲ့ ၂နှစ်အရွယ် ကလေးငယ်လေး အတွက် ထိုင်းအာဏာပိုင်တွေက အခုလို အလေးထား ရှာဖွေပေးတာကို အံသြပြီး ကျေးဇူးတင်မိတယ်လို့ကလေးရဲ့မိခင်ဖြစ်သူက ပြောပါတယ်ရှင်။

Your browser doesn’t support HTML5

ထိုင်း စိုက်ခင်းထဲ ပျောက်ဆုံးမြန်မာကလေး ထိုင်းအာဏာပိုင်တွေ ကူညီရှာဖွေ