ထိုင်းဆန်တင်ပို့မှု ကျဆင်း

  • Daniel Schearf

အရှေ့တောင်အာရှ ဒေသမှာ မိုးခေါင်ရေရှားမှု ဖြစ်နေတဲ့အတွက် ကမ္ဘာ့ ဆန်အများဆုံး ထုတ်လုပ်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေက ဆန်ထုတ်လုပ်မှုကို ခြိမ်းခြောက်နေပါတယ်။ ၂ နှစ်အတွင်း ဆန်ဈေးတွေ အနိမ့်ဆုံးကို ထိုးကျနေတာကြောင့် လယ်သမားတွေရဲ့ ဝင်ငွေကို ထိခိုက်နေတဲ့အချိန်မှာ အခုလို ဆန်ထုတ်လုပ်မှု ကျဆင်းတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်လာတာပါ။ ဒါပေမဲ့ အာရှတိုက်အတွင်း ဆန်ထုတ်လုပ်မှု တိုးမြင့်လာနေတာကြောင့် ဒေသတွင်း ဆန်ဈေး ပြန်ကောင်းလာနိုင်လိမ့်မယ်လို့ ဈေးကွက်ရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့မှာ မိုးနည်းနေတဲ့အတွက် ဆန်ထုတ်လုပ်မှု ၄၀% လောက် ကျဆင်းသွားပါတယ်။ ပုံမှန်အားဖြင့်တော့ လယ်သမားတွေဟာ သြဂုတ်နဲ့ စက်တင်ဘာလတွေမှာ စပါးတွေကို စိုက်ကြတာ ဖြစ်ပါတယ်။ နဂိုကတည်းက စိုက်ပျိုးရေ ရှားပါးနေတဲ့ ထိုင်းနိုင်ငံမှာ ဒီထက် ပိုရှားပါးတဲ့ အခြေအနေနဲ့ ကြုံရမယ့်အရေးကို ထိုင်းအစိုးရက စိုးရိမ် ပူပန်နေပါတယ်။

ဆူပူဝတ် ဆိုင်ချူး (Supavud Saicheaua) ဟာ ဖာထရာ (Phatra) အာမခံကုမ္ပဏီက ညွှန်ကြားရေးမှူး ဖြစ်သလို သုတေသနဌာန အကြီးအကဲလည်း ဖြစ်ပါတယ်။

“အစိုးရက အဓိက ပျိုးပင်တွေကို နောက်ကျပြီးမှ စိုက်ကြဖို့ လယ်သမားတွေကို ပြောထားပြီး ဖြစ်ပါတယ်။ အဲဒီလို လုပ်လိုက်တဲ့အတွက် စပါးစိုက်တာနဲ့ ရိပ်သိမ်းတာတွေ နိုဝင်ဘာလမှာ သွားပြီး ပြုံကျနေလိမ့်မယ်။ ဈေးကွက်ထဲမှာ ဆန်တွေများနေပြီး တကမ္ဘာလုံးမှာရှိတဲ့ ဆန်ဈေးတွေလည်း လက်ရှိထက် ထပ်ကျဦးမယ်ဆိုရင် ထိုင်းလယ်သမားတွေအတွက် အရည်အသွေးရော အရေအတွက်ပါ ကျဆင်းမယ့်သဘော ဖြစ်နေတယ်။”

ကမ္ဘာ့ငွေကြေး အကျပ်အတည်း ပြဿနာနဲ့ မကြာခင်က ဖြစ်ခဲ့တဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ ထိုင်းနိုင်ငံရဲ့ စီးပွားရေးက ပြန်လည် နာလန်ထူလာပေမဲ့ စိုက်ပျိုးရေး လုပ်ငန်းကတော့ အခက်အခဲ ကြုံနေရတုန်းပဲလို့ ဆူပူဝတ် ဆိုင်ချူးက ပြောပါတယ်။

အာရှဆန်ဈေးကွက်ရဲ့ စံအဖြစ် သတ်မှတ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ ဆန်ဈေးနှုန်းဟာ နိုင်ငံခြားတင်ပို့မှု ကျဆင်းတာကြောင့် မေလမှာ ၂ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းသွားခဲ့ပါတယ်။

ထိုင်းလယ်သမားတွေ သတ်မှတ်ဈေးနှုန်း ရနိုင်အောင် ထိုင်းအစိုးရက မေလထဲမှာ အမတော်ကြေး ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအကူအညီဟာ မလုံလောက်ဘူးလို့ ထိုင်း ဆန်စက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ချန်ချိုင်း ရပ်ခ်ထနာနွန် (Chanchai Rakthananon) က ပြောပါတယ်။

“စပါးအထွက်နှုန်း နည်းတဲ့အတွက် သတ်မှတ်ဈေးနှုန်းရအောင် အစိုးရက လုပ်ပေးတာက လယ်သမားတွေရဲ့ အရင်းလောက်ပဲ ရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဝင်ငွေကို ထိခိုက်နေတုန်းပါ။ လယ်သမားတွေအနေနဲ့ အမြတ်မရကြဘူး။” လို့ ပြောသွားတာ ဖြစ်ပါတယ်။

မိုးခေါင်ရေရှားတယ်ဆိုတာ ဈေးကွက်က သိတာနဲ့ ဆန်ဈေးတွေ ပြန်တက်လာမှာပါလို့ လယ်ယာစိုက်ပျိုးရေး အခြေအနေကို စောင်ကြည့်နေကြတဲ့ သုတေသီတွေက သုံးသပ်ပါတယ်။ စပါးစိုက်ပျိုးမှု အထွက်နည်းနေတဲ့အတွက် လယ်သမားတွေဟာ ကုန်ကျစရိတ် ကာမိအောင် ပြောင်းနဲ့ ကြံတွေကို စိုက်ပျိုးနေကြတယ်လို့ ချန်ချိုင်းက ပြောပါတယ်။

ဈေးတွေပြန်ကောင်းလာပြီး ၂ နှစ်လောက်ကြာပြီးမှ လယ်သမားတွေ အနေနဲ့ ပုံမှန်အခြေအနေကို ပြန်ရောက်နိုင်မှာဖြစ်ပြီး စပါးအထွက်နည်းတဲ့ ကြားကာလမှာတော့ အစိုးရက သိုလှောင်ထားတဲ့ ဆန်တွေနဲ့ အစားထိုးသွားရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကမ္ဘာ့ဆန်ဈေးကွက်ရဲ့ သုံးပုံတပုံလောက်ကို တင်ပို့နေတဲ့ ထိုင်းနိုင်ငံရဲ့ ပြည်ပတင်ပို့မှုနှုန်း ဒီနှစ်မှာ တန်ချိန် ၁,၀၀၀,၀၀၀ လောက် လျော့သွားနိုင်တာကြောင့် ထိုင်းကဆန်တွေကို တင်သွင်းနေတဲ့ နိုင်ငံတွေကို ထိခိုက်စေနိုင်ပါတယ်။

ရက်စ် အက်စ်တိုပီးရက်ဇ် (Rex Estoperez) ဟာ ကမ္ဘာ့ ဆန်အများဆုံး တင်သွင်းနေတဲ့ ဖိလစ်ပိုင် အမျိုးသား စားနပ်ရိက္ခာဌာနက ပြောခွင့်ရပုဂ္ဂိုလ်ပါ။

“ဖိလစ်ပိုင်က ဆန်ဖြန့်ဖြူးမှုကို ထိခိုက်မှာတော့ သေချာပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံဟာ ဖိလစ်ပိုင်ကို ဆန်တင်ပို့နေတဲ့ နိုင်ငံတွေထဲက တနိုင်ငံသာ ဖြစ်ပါတယ်။ မနှစ်က ဒီဇင်ဘာမှာ ကျနော်တို့ ဆန်ဝယ်ဖို့အတွက် လေလံပစ်တော့ ကျနော်တို့ကို အဓိက တင်ပို့မယ့်နိုင်ငံက ဗီယက်နမ် ဖြစ်ပါတယ်။”

ဖိလစ်ပိုင်ဟာ နိုင်ငံပေါင်း ၆ နိုင်ငံက ဆန်တွေကို အဓိကထား ဝယ်ယူ တင်သွင်းနေတာဖြစ်ပြီး ဒီကြားထဲမှာ ရာသီဥတု ဆိုးဆိုးရွားရွား ဖောက်ပြန်မှု မဖြစ်သ၍တော့ ပြဿနာ မရှိနိုင်ဘူးလို့ အက်စ်တိုပီးရက်ဇ်က ပြောပါတယ်။

၂၀၀၈ ခုနှစ်တုန်းကတော့ ရာသီဥတု ဖောက်ပြန်တာနဲ့ ဆန်သိုလှောင်ထားတဲ့နှုန်း နည်းနေတာတွေကြောင့် ဆန်တတန်ကို အမေရိကန်ဒေါ်လာ ၁,၀၀၀ ကျော်သွားခဲ့ပါတယ်။ ဒါကြောင့် ဆန်တင်ပို့တဲ့ နိုင်ငံတွေက ပြည်ပတင်ပို့မှုကို ထိန်းချုပ်ထားခဲ့ရတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

ကွန်ဆက်ပ်ရှင်း ကာလ်ပဲ (Concepcion Calpe) ဟာ FAO ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က အကြီးတန်း စီးပွားရေးပညာရှင် တဦးပါ။

အခုလို မိုးခေါင်ရေရှား ဖြစ်နေတာက ကမ္ဘောဒီးယားနိုင်ငံရဲ့ စပါးအထွက်နှုန်းကို ၁၀% နဲ့ ထိုင်းနိုင်ငံမှာ ၆% ထိခိုက်သွားစေပေမဲ့ ယေဘုယအားဖြင့် အာရှတိုက်ရဲ့ စပါးအထွက်နှုန်းဟာ ၂၀၀၉ ခုနှစ်ထက်စာရင် ပိုကောင်းမယ်လို့ သူမက ပြောပါတယ်။

“အင်ဒိုနီးရှားနိုင်ငံမှာလည်း မိုးခေါင်ရေရှားတဲ့ ဒဏ်နဲ့ ရင်ဆိုင်ရပေမဲ့ စပါးအထွက်နှုန်း ပိုများပါလိမ့်မယ်။ အိန္ဒိယမှာတော့ မနှစ်က မိုးမမှန်တဲ့ အနေအထားနဲ့ ကြုံရပြီးနောက်ပိုင်း ဒီနှစ်မှာ စပါး အထွက်ကောင်းမယ်လို့ ခန့်မှန်းထားကြတယ်။ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာလည်း အထွက်ကောင်းကြလိမ့်မယ်။ ဒါကြောင့် စပါးအဓိကစိုက်တဲ့ တိုင်းပြည်တွေမှာ ခုချိန်ထိ ကြည့်ရတာတော့ ၂၀၁၀ ဟာ စပါးအထွက် ကောင်းမယ့်နှစ်လို့ ဆိုရမှာပါ။”

အခုလို အထွက်နှုန်းမြင့်လာတာနဲ့ အစိုးရမှာ သိုလှောင်ထားတဲ့ဆန်တွေ အများအပြား ရှိနေတာတွေကြောင့် စားနပ်ရိက္ခာ ရှားပါးမှာတို့၊ ဈေးတွေ ခုန်တက်ကုန်မှာတို့ စိုးရိမ်စရာ မလိုဘူးလို့ ကွန်ဆက်ပ်ရှင်း ကာလ်ပဲက ပြောပါတယ်။

ဒါပေမဲ့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့မှာ အခုလို မိုးခေါင်ရေရှားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာကြောင့် စပါးစိုက်ကြတဲ့ လယ်သမားတွေ အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် သီးနှံတမျိုးတည်းကို အဓိကထား စိုက်ပျိုးမနေကြဘဲ တခြားသီးနံှတွေကိုပါ ပြောင်းလဲ စိုက်ပျိုးကြဖို့ သူမက တိုက်တွန်းလိုက်ပါတယ်။