လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်း ထိုင်းအထက်လွှတ်တော် ပယ်ချ

လွတ်ငြိမ်းချမ်းသာခွင့် မူကြမ်းကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ဆန္ဒပြသူတွေကို တားဆီးနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များရှေ့မှာ ဓာတ်ပုံအရိုက်ခံနေသူ ဆန္ဒပြအမျိုးသမီး။

ထိုင်းနိုင်ငံမှာတော့ အငြင်းပွားဖွယ်ဖြစ်နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ထိုင်းအထက်လွှတ်တော် ကနေ ပယ်ချလိုက်ပါတယ်။

အဲဒီ ဥပဒေကြမ်းကြောင့် ထိုင်းနိုင်ငံအတွင်းမှာ ဝန်ကြီးချုပ် ယင်းလတ်ရှင်နဝပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး နိုင်ငံရေးအရ တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။ အဲဒီတင်းမာမှုကို လျှော့ကျသွားစေဖို့ အထက်လွှတ်တော်မှာ အခုလို မဲခွဲပြီး ဥပဒေကြမ်းကို ပယ်လိုက်ပုံရပါတယ်။

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကတော့ အစိုးရအနေနဲ့ ရွေးကောက်ပွဲသစ် လုပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစနစ်အရဆိုရင်တော့ ဒီဥပဒေကြမ်းဟာ အောက်လွှတ်တော်ကို ပြန်ရောက်ပြီး အဲဒီ ဥပဒေကြမ်းကို ပြန်ပြင် မဲခွဲကြရဦးမှာပါ။

ဒါပေမယ့်လည်း ဒီ ဥပဒေကြမ်းကို အောက်လွှတ်တော်ကို ပြန်မတင်တော့ဘူးလို့ အစိုးရဘက်ကတော့ ပြောလာပါတယ်။ ဒီ ဥပဒေကြမ်းအရဆိုရင် အဂတိ လိုက်စားမှုတွေနဲ့ အရေးယူခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝပ်ကို လွတ်ငြိမ်းခွင့်ပေးဖို့အပါအဝင် ၂၀၁၀ ခုနှစ်တုန်းက ဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နင်းရာမှာ တာဝန်ရှိတယ်လို့ဆိုတဲ့ ဝန်ကြီးချုပ်ဟောင်း ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် အဘီဆစ်ကိုလည်း လွတ်ငြိမ်းခွင့်ပေးမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝေဖန်သူတွေကတော့ သူဟာ လက်ရှိ ဝန်ကြီးချုပ် ယင်းလတ်ရဲ့ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းနိုင်ငံကို ပြန်လာနိုင်ဖို့ လုပ်တဲ့ ခြေလှမ်းဖြစ်တယ်လို့ မြင်ကြပါတယ်။