ရိုဟင်ဂျာတွေ သေဆုံးမှုအတွက် မသင်္ကာသူ လူမှောင်ခိုတွေကို ထိုင်းရဲ ဖမ်းဆီး

တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာများကို ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းစဉ် (ပုံဟောင်း -- ဇွန် ၄၊ ၂၀၂၂)

ထိုင်းနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည် ၃ ယောက် ထရပ်ကားထဲမှာ အသက်ရှုကြပ် သေဆုံးသွားတာနဲ့ ပတ်သက်ပြီး လူကုန်ကူးသူလို့ သံသယရှိသူ ၃ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က စနေနေ့က ပြောပါတယ်။

လူကုန်ကူးတဲ့သူတွေဟာ လူ ၂၆ ယောက်ကို ကား ၂ စင်းပေါ် ပြွတ်သိပ်နေအောင်တင်ပြီး ထိုင်း-မြန်မာနယ်စပ်ကနေ တင်ဆောင်ခဲ့ လာခဲ့ပြီးတဲ့နောက်၊ ကားပေါ်မှာပါလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၃ ယောက်သေဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ထိုင်းဗဟိုထောက်လှမ်းရေးဌာနက အဓိကသံသယရှိတဲ့သူ အသက် ၃၀ အရွယ် Somkiat ခေါ် Bang Golf ကို ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းက ချန်သဘူရီခရိုင်မှာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းထောက်လှမ်းရေးဌာန တာဝန်ရှိသူတဦးက AFP သတင်းဌာနကို ပြောပါတယ်။

သူနဲ့အတူ နောက်ထပ်ကြံရာပါ ၂ ယောက်ဖြစ်တဲ့ Nattawut နဲ့ Pongpitsanu တို့ကိုလည်း အဲဒီနေ့မှာပဲ ဘန်ကောက်မြို့မှာ ဖမ်းဆီးလိုက်ပါတယ်။
သူတို့ ၃ ယောက်စလုံးကို တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေကို ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

Somkiat ဟာ ထိုင်းနိုင်ငံထဲက လူကုန်ကူးတဲ့ကွန်ရက်နဲ့ အလုပ်လုပ်နေသူဖြစ်ပြီး၊ ဒုက္ခသည်တယောက်ကို အောင်မြင်အောင် ခိုးသွင်းနိုင်တိုင်း ဘတ် ၃ ထောင် ရတာြဖစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေ သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖိနှိပ်ညှင်းပန်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ နှစ်စဉ် ထောင်နဲ့ချီပြီး ထိုင်းနိုင်ငံကနေတဆင့် မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို သွားဖို့အတွက် သူတို့ရဲ့ဘဝတွေကိုရင်းပြီး သွားနေကြတာ ဖြစ်ပါတယ်။