ဝန်ကြီးချုပ်နဲ့ဆွေးနွေးဖို့ ထိုင်း အတိုက်အခံ လမ်းဖွင့်

ထိုင်းအတိုက်အခံခေါင်းဆောင် Suthep Thaugsuban

ထိုင်းနိုင်ငံမှာ အတိုက်အခံခေါင်းဆောင် Suthep Thaugsuban က ဝန်ကြီးချုပ် Yingluck Shinawatra နဲ့ ဆွေးနွေးမယ်လို့ အရိပ်အမြွက် ပြောကြား လိုက်ပါတယ်၊ လနဲ့ချီ ကြာနေပြီဖြစ်တဲ့နိုင်ငံရေးပြဿနာကို အဆုံးသတ်နိုင်ဖို့ ဘယ်လိုဆွေးနွေး ညှိုနှိုင်းမှုကိုမှ မလုပ်နိုင်ဘူးဆိုပြီး အတိုက်အခံခေါင်းဆောင်က အရင်က ငြင်းဆန်နေခဲ့တာဖြစ်ပါတယ်။

အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေကို ဦးဆောင်သူ Suthep Thaugsuban က ဝန်ကြီးချုပ် ယင်လပ်နဲ့ ၂ ယောက်ထဲ တိုက်ရိုက် တနိုင်ငံလုံးကို ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားပေါ်မှာ အခြေအတင်ဆွေးနွေးမှု လုပ်မယ်လို့ စိန်ခေါ်လိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ကလဲ ညှိုနှိုင်းမှုတွေလုပ်ဖို့ တံခါးဖွင့်ထားတယ်လို့ ပြောပေမဲ့ Mr.ဆူထက်အနေနဲ့ ဆန္ဒပြပွဲတွေကို အရင်ရပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်၊
လုပ်တဲ့ဆွေးနွေးမှုတွေဟာလဲ ဖွဲ့စည်းပုံဥပဒေရဲ့ ဘောင်ထဲမှာ ရှိရမယ်လို့ ဝန်ကြီးချုပ် ယင်းလတ်က ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ ဝန်ကြီးချုပ်အပေါ် စွဲထားတဲ့ အမှုတွေအတွက် မနေ့က ကြားနာခဲ့ပါတယ်၊ အငြင်းပွားစရာ ဆန်စပါးဝယ်ယူတဲ့ အစီအစဉ်နဲ့ ပါတ်သက်လို့ ဝန်ကြီးချုပ်စွဲဆိုခံထားရတဲ့ အမှုအတွက်ကြားနာပွဲကို ဝန်ကြီးချုပ်ကိုယ်စား သူ့ရဲ့ အကျိုးဆောင်ရှေ့နေ လာရောက်ခဲ့ပါတယ်။