ဂူထဲကို ပိုက်လုံးကြီးထည့်ပြီး ကလေးတွေကို ကယ်နိုင်မလား

ဂူထဲပိတ်မိနေတဲ့ ကလေး ၁၂ ယောက်နဲ့ နည်းပြတယောက်အတွက် အောက်စီဂျင်ဘူးတွေ သယ်နေတဲ့ ထိုင်းစစ်သည်များ။ (ဇူလိုင် ၇၊ ၂၀၁၈)

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့နယ်အတွင်းက လှိုဏ်ဂူထဲမှာ သီတင်း နှစ်ပတ် ကျော်ကြာ ပိတ်မိနေတဲ့ ထိုင်းကျောင်းသားလေးတွေနဲ့ သူတို့နည်းပြကို ကယ်ထုတ် နိုင်ရေးအတွက် ထိုင်းအာဏာပိုင်တွေ နည်းလမ်း အမျိုးမျိုးနဲ့ စဉ်းစားနေရာမှာ ရေအောက် ထဲ လေမှုတ်ထားတဲ့ ပိုက်လုံးကြီးတခုသွယ်တန်းပြီး ကယ်ထုတ်ရေးပဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အစီအစဉ် စမယ့်အချိန်ကို အတိအကျ မကြေညာသေးပေမယ့် လာမယ့်ရက်ထဲ တကျော့ပြန် မိုးသည်ထန် မလာခင်မှာ လုပ်ဆောင်နိုင်ဖို့ စိုင်းပြင်း နေကြတာပါ။ နောက်ဆုံးသိထားရတဲ့ အခြေအနေတွေကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာဖြစ်ပါတယ်။

ဇွန်လ (၂၃) ရက်ကတည်းက မယ်ဆိုင်ဂူထဲ ထိုင်းကျောင်းသားငယ် (၁၂) ဦးနဲ့ သူတို့ရဲ့ ဘောလုံးနည်းပြတို့ ပိတ်မိနေကြတာ ခုဆို (၁၅) ရက်ကျော်လာပြီဖြစ်ပါတယ်။ သူတို့ကို ကယ်ထုတ်နိုင်ဖို့အတွက် စေတနာ့ဝန်ထမ်း ရေငုပ်ကျွမ်းကျင်သူ အဖွဲ့ကြီး (၂)ဖွဲ့ စနေညနဲ့ တနင်္ဂနွေ ဒီမနက်မှာ ရောက်လာဖို့ရှိတာကြောင့် အာဏာပိုင်တွေ စောင့်ဆိုင်းနေကြပြီး ရေငုပ် သမားတွေ လူစုံတာနဲ့ ကလေးတွေကို ကယ်ထုတ်ရေး လုပ်ငန်းတွေ စတင်မှာ ဖြစ်ကြောင်း ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး Narongsak OSotthanakorn က ပြောပါတယ်။

“ကလေးတွေ ကယ်ထုတ်မယ့် အစီအစဉ်တရပ် ချမှတ်ဖို့ ကျနော်တို့ကြိုးစားနေပါတယ်။ အကောင်းဆုံး နည်းကတော့ သူတို့ကို အန္တရာယ်အနည်းဆုံးနဲ့ ကယ်ထုတ် လာနိုင်မယ့် အစီအစဉ်မျိုးပဲ ဖြစ်ပါတယ်။”

ဒီသီတင်းပတ်ကုန်ကစလို့ နောက်ထပ် မိုးသည်းထန်လာတော့မယ့် အခြေအနေ ရှိတာကြောင့် ကလေးတွေကို ကယ်ထုတ်ဖို့ ပိုခက်ခဲသွားနိုင်တဲ့အတွက် ရာသီတု ဆိုးရွား မလာခင်မှာ ဂူထဲကနေ ကယ်ထုတ်ဖို့လိုတယ်လို့ ကျွမ်းကျင်သူတွေက ထိုင်းအာဏာပိုင် တွေကို အကြံပေးထားတာပါ။ အဲဒီလိုမှမဟုတ်ရင် ကယ်ဆယ်ရေး လုပ်ငန်းဟာ ပိုပြီး အချိန်ကြန့်ကြာသွားနိုင်သလို ကလေးတွေအတွက် စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

စနေည သန်းခေါင်အချိန်ကစပြီး မယ်ဆိုင်ဂူ ပတ်ဝန်းကျင်တဝိုက်မှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့က ဂူအဝင်ပေါက်တွေကို တာလပတ်တွေနဲ့ နှစ်ထပ်ကာယံပြီး လုံခြုံရေးတိုးမြှင့် လိုက်သလို မသွားရဆိုတဲ့ ကန့်သတ် ဧရိယာကိုလည်း တိုးမြှင့်ထားလိုက်ပါတယ်။ ရာနဲ့ ချီတဲ့ သတင်းသမားတွေကတော့ အခြေအနေ ထူးလာမလားဆိုပြီး စောင့်ဆိုင်း နေကြပေမယ့် အာရုံတက်လာချိန်ထိ ထူးခြားမှု တစုံတရာ မပြသေးတာကို မယ်ဆိုင်ဂူ တဝိုက်ကနေ တိုက်ရိုက် ထုတ်လွှင့်ချက် တွေမှာ တွေ့ရပါတယ်။

လှိုဏ်ဂူထဲကနေ ရေငုပ်ပြီးကယ်ထုတ်မယ့် အစီအစဉ်ကိုတော့ အခြားနည်းလမ်း မရှိမှသာ ဒီနည်းလမ်းကို သုံးသင့်တယ်လို့ လှိုဏ်ဂူအတွင်း ကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ တွေက သတိပေးနေပါတယ်။ အတွေ့ အကြုံမရှိတဲ့ လူတွေက ရေငုပ်ဝတ်စုံ သုံးတာဟာ အန္တရာယ်များတယ်လို့ သူတို့ကပြောပါတယ်။ မယ်ဆိုင်ဂူ ကယ်ဆယ်ရေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စ Sthapanik Toongtong က သူတို့လုပ်ဆောင်ဖို့ စဉ်းစားထားတဲ့ အစီအစဉ် တခုကိုလည်း ရှင်းပြပါတယ်။

“ကမ်းဗတ်စ အထပ်ထပ်နဲ့ အထူးပြုလုပ်ထားတဲ့ ပိုက်လုံးကို ရေတပ်အထူးတပ်ဖွဲ့က ဂူထဲဖြတ်- သွယ်တန်းပြီးပြီ ဆိုတာနဲ့ အဲဒီပိုက်ထဲ လေမှုတ်သွင်းလိုက် ပါမယ်။ အဲဒါဆိုရင် ပိုက်လုံးကြီးက အချင်း (၂၈) လက်မလောက် ဖြစ်သွားမှာပါ။ အဲဒီပိုက်ထဲက ဖြတ်ပြီး ကလေးတွေကို ကယ်ထုတ်တာမျုးိဖြစ်ဖြစ် ၊ သူတို့ဆီ အစားအသောက် ပို့တာမျိုး ဖြစ်ဖြစ် လုပ်နိုင်ပါမယ်။ ကလေးတွေ ရေငုပ်စရာ မလိုတော့ပါဘူး။”

ဒါပေမယ့် ဒီစဉ်းစားချက်က လက်တွေ့မှာ အဆင်ပြေပါ့မလားဆိုတာ သံသယဖြစ်နေ ကြပါ တယ်။ လှိုဏ်ဂူထဲက ရေဝင်နေတဲ့ လမ်းကြောင်းဟာ အချိုးအကွေ့ အလိမ်အကောက်တွေ ရှိသလို တချို့နေရာတွေမှာ ကျဉ်းမြောင်း နေတာကြောင့်ဖြစ်ပါတယ်။ ဂူထဲပိတ်မိနေတဲ့ ထိုင်း ကလေးတွေဟာ ကျန်းမာရေးကောင်းမွန်နေပြီး ရေငုပ် လေ့ကျင့်နေကြသလို ရေငုပ်ဝတ်စုံနဲ့ ဘယ်လိုအသက်ရှုရမလဲ ဆိုတာကို လေ့ကျင့်နေတယ်လို့ အာဏာပိုင် တွေက သတင်းထုတ်ပြန်ပါတယ်။

မယ်ဆိုင်ဂူထဲ ပိတ်မိနေတဲ့ ထိုင်းကျောင်းသားနဲ့ သူတို့နည်းပြကို ကယ်ထုတ်နိုင်ရေး ကယ် ဆယ်ရေးအဖဲ့ွတွေက ကျောက်တောင်ပေါ်ကနေ ဂူပေါက်တွေကို လိုက်လံ ရှာဖွေခဲ့ရာမှာ ကလေးတွေနဲ့အနီးဆုံး မီတာ ၄၀၀- ၅၀၀ ခန့်အကွာက ဂူပေါက်တခုကို သောကြာနေ့က ရှာတွေ့ခဲ့ပါတယ်။ အဲဒီ ဂူပေါက်ကနေ ဂူအောက် ရေရှိတဲ့ နေရာကို တွေ့နေရတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာဖေါ်ပြပါတယ်။

ထိုင်းရဲဗိုလ်ချုပ်ကြီး မစ္စတာ Suchart ဦးဆောင်တဲ့အဖွဲ့က Tham Luang Nang Non ထမ် လွမ်နန်နွမ်း ကျောက်တောင်ပေါ်က ဂူပေါက်တွေကို လိုက်ရှာရင်း ကလေးတွေနဲ့ အနီးဆုံးရောက်နိုင်တဲ့ အဲဒီ ဂူပေါက်ကို တွေ့ခဲ့တာ ဖြစ်ကြောင်း ထိုင်းသတင်းတခုမှာ ဖေါ်ပြထားပါတယ်။

ရေငုပ်ကျွမ်းကျင်သူတဦးကတဆင့် ရေးပေးလိုက်တဲ့ ဂူတွင်းက လူငယ်ဘောလုံးအသင်းရဲ့ မိဘမိတ်ဆွေတွေဆီ ရေးတဲ့စာRai, is seen on a piece of paper in this undated photo obtained from social media. Message reads, "The

ထိုင်းရေတပ် အထူးတပ်ဖွဲ့ကတဆင့် သူတို့မိဘတွေထံ ကလေးတွေပေးပို့လိုက်တဲ့ စာထဲ မှာတော့ သူတို့မိသားစု မောင်နှမတွေကို သတိရကြောင်း၊ မိဘတွေကို ချစ်ကြောင်း၊ သူတို့ ပြန်ထွက်လာတဲ့အခါ စားချင်တဲ့ အစားအစာကို လိုက်ကျွေးဖို့ကိုလည်း တောင်းဆိုထား ပါတယ်။ တောဝက် ဘောလုံးအသင်းက ကလေးငယ် (၁၂) ဦးနဲ့ အတူ ဂူထဲပိတ်မိနေတဲ့ အသက် (၂၅)နှစ်အရွယ် နည်းပြကတော့ ကလေးတွေကို ကောင်းမွန်စွာ သူ စောင့်ရှောက် သွားမယ့်အကြောင်း ကတိပေးပြောဆိုသလို အခုလို ဂူထဲပိတ်မိရတဲ့ ဖြစ်ရပ်အတွက် တောင်းပန်ကြောင်းကိုလည်း ထိုင်းဘာသာနဲ့ သူရေးတဲ့စာမှာ ဖေါ်ပြ ထားပါတယ်။

Your browser doesn’t support HTML5

ဂူထဲကို ပိုက်လုံးကြီးထည့်ပြီး ကလေးတွေကို ကယ်နိုင်မလား