အကြပ်အတည်းတွေကြားက ထိုင်းရွေးကောက်ပွဲ

အစိုးရဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေကြား နေရာယူလာကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လက်ခုပ်တီးပေးနေကြသူ ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်သူများ။(ဖေဖော်ဝါရီ ၂၊ ၂၀၁၄)

ဒီကနေ့ ထိုင်းနိုင်ငံရွေးကောက်ပွဲ စုစုပေါင်း မဲရလဒ်တွေကို ကြေညာနိုင်မှာ မဟုတ်သေးဘူးလို့ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတဝန်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲ ဥပဒေအရ လိုအပ်ချက်တွေနဲ့ မပြည့်တဲ့အတွက် ရလဒ်ကို မကြေညာနိုင်သေးတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဆူပါချိုင် ဆွန်ချာရိုအန် ( Supachai Somcharoen) က ပြောပါတယ်။ ရွေးကောက်ပွဲအတွင်း ဘန်ကောက်မြို့မှာ ဆန္ဒပြသူတွေက ပိတ်ဆို့ တားဆီး မှုတွေကြောင့် ရာနဲ့ချီတဲ့ မဲရုံပိတ်ပစ်ခဲ့ရပါတယ်။ နိုင်ငံတဝန်းက မဲရုံ (၈ဝ %) မှာ မဲပေးနိုင်ခဲ့တယ်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ညပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောပါခဲ့တယ်။

မဲရုံတွေ ပိတ်ပစ်ခဲ့ရတဲ့အတွက် မဲပေးဖို့ မှတ်ပုံတင်ထားသူ ၆ သန်းကျော်ရဲ့ ဆန္ဒမဲတွေ ဆုံးရှုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။ အခုရွေးကောက်ပွဲကို အဓိကအတိုက်အခံ Democrat ပါတီက သပိတ်မှောက်ခဲ့ပါတယ်။
ဝန်ကြီးချုပ် Yingluck Shinawatra ကတော့ ဒီကနေ့ အစောပိုင်းက ဘန်ကောက်မြို့တော်ထဲက မဲရုံတခုမှာ
မဲသွားပေးခဲ့ပါတယ်။

အခုရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Yingluck ရဲ့ Pheu Thai ပါတီအသာလေး အနိုင်ရမယ်လို့ မျှော်လင့်ထားကြပေမဲ့ လွှတ်တော်ထဲမှာ အမတ်နေရာ( ၉၅ %) ပြည့်မှ ဝန်ကြီးချုပ်ကို ရွေးချယ်မယ့် လွှတ်တော်ကို စတင်ကျင်းပနိုင်မှာ့ဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ်ရဲ့အကို ပြည်ပမှာ တိမ်းရှောင်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra နိုင်ငံထဲ ပြန်လာနိုင်အောင် လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့် ဥပဒေကြမ်းတစ်ခုကို အာဏာရပါတီက လွှတ်တော်မှာ တင်ပြခဲ့ချိန် လွန်ခဲ့တဲ့ ၃ လ ကတည်းက ထိုင်းနိုင်ငံမှာ အကြမ်းဖက်ဆန္ဒပြမှုတွေစတင်ခဲ့တာဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းဖြုတ်ချလိုက်တဲ့ မစ္စတာ Thaksin ဟာ ထိုင်းနိုင်ငံအပေါ် အခုထိ လွှမ်းမိုးမှု ရှိနေဆဲလို့ လေ့လာသူတွေက ပြောပါတယ်။
သူဟာ အဂတိလိုက်စားမှုနဲ့ အရေးယူခံထားရပြီး လက်ရှိ ဒူဘိုင်းမှာတိမ်းရှောင် နေထိုင် နေပါတယ်။

ဘန်ကောက်မြို့က အလယ်အလတ်လူတန်းစားတွေ၊ ပညာတတ်အများစုနဲ့ ဘုရင်စနစ်လိုလားတဲ့ အထက်တန်းလွှာတွေက မစ္စတာ Thaksin နိုင်ငံထဲ ပြန်လာနိုင်မယ့် လွတ်ငြိမ်းခွင့် ဥပဒေကြမ်းကို ကန့်ကွက်ခဲ့ပြီး
အစိုးရဆင်းပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။