ဘန်ကောက် ရေကြီးမည့်အန္တရာယ် ကာကွယ်နိုင်မည်

ဘန်ကောက် ရေကြီးမည့်အန္တရာယ် ကာကွယ်နိုင်မည်

ကျောက်ဖယားမြစ်ကို ကာထားတဲ့ တမံတွေက တောင့်ခံထားနိုင်ဆဲဖြစ်တာကြောင့် ထိုင်းနိုင်ငံမှာ ဆယ်စုနှစ် များစွာအတွင်း အဆိုးဆုံးဖြစ်ပေါ်နေတဲ့ ရေလွှမ်းမိုးမှုက ဘန်ကောက်မြို့နဲ့ မြို့နေလူထု ၁၂ သန်းကို ရေလွှမ်းမိုးမှုဒဏ် ခံရတော့မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် ယင်းလပ် ရှီနဝပ်က ပြောပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မိုးကြီးပြီး တောင်ပိုင်းဒေသကို စီးဆင်းလာနေတဲ့ ရေတွေဟာ ဘန်ကောက်မြို့ကို မဝင်တော့ဘဲ ထိုင်းပင်လယ်ကွေ့ထဲကို တန်းဝင်သွားတယ်လို့ ပညာရှင်တွေက ပြောတဲ့အကြောင်း ဝန်ကြီးချုပ် ယင်းလပ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်တာပါ။

ဘန်ကောက်မြို့ မြောက်ပိုင်းက ရေကြီးနေတဲ့ ဒေသတွေမှာလည်း ရေတွေ တဖြည်းဖြည်း ကျလာနေပြီ ဖြစ်တာကြောင့် အခုလကုန်ပိုင်း ဒီရေတက်ချိန်အထိ ဘန်ကောက်မြို့အနေနဲ့ ရေကြီးမယ့်အတွေ့အကြုံနဲ့ ရင်ဆိုင်ရနိုင်စရာ အကြောင်းမရှိဘူးလို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း ၂ လကျော်ကြာ မိုးတွေ မရပ်မနား ရွာခဲ့တာကြောင့် တိုင်းပြည်ရဲ့ ၃ ပုံ ၂ ပုံလောက် ရေလွှမ်းခဲ့တာပါ။ အခုချိန်ထိတော့ သေဆုံးသူ အရေအတွက် ၃၀၀ နီးပါးရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဟာလည်း အမေရိကန်ဒေါ်လာ ၅ ဘီလျံလောက် ရှိတယ်လို့ ဆိုပါတယ်။

မနေ့ကအထိ အယုဒ္ဓယမြို့ နေရာတော်တော်များများက ရေမြှုပ်နေတုန်းဖြစ်ပြီး မြို့နေလူတချို့နဲ့ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေက အိမ်ခေါင်မိုးတွေပေါ် တက်နေကြရပါတယ်။

ရေကြီးတဲ့ဒဏ်ခံနေရတဲ့ ထိုင်းနိုင်ငံကို အကူအညီပေးဖို့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေ ကလည်း ရေကြီးမှု အဆိုးဆုံးခံခဲ့ရတဲ့ နေရာတွေမှာ ကောင်းကင်ကနေ စစ်တမ်းလိုက်ယူပြီး အမေရိကန်အစိုးရ အနေနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေမှာ ဘယ်လို ကူညီပေးရမလဲ ဆိုတာတွေကို မှတ်တမ်း ပြုစုနေကြပါတယ်။