ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆတ်ငီရမ်ဖုန် ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲ ဒီနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ အစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့အဖွဲ့ တက်ရောက်ပြီး မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုနိုင်ငံနဲ့ အိမ်ရှင်ထိုင်းနိုင်ငံက ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားပါတယ်။
ခြောက်နိုင်ငံကိုယ်စားလှယ်တွေပါဝင်ပြီး နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောညှိနှိုငး အစည်းအဝေးဆိုပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ဆွေးနွေးပွဲ အသေးစိတ်ကို ထုတ်ပြန်ကြေညာခြင်း မရှိပေမဲ့ နယ်စပ်လုံခြုံရေးနဲ့ နယ်စပ်ကျော် ရာဇဝတ်မှု နှိမ်နှင်းရေး ကိစ္စတွေကို ဆွေးနွေးမယ့်အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေက ပြောဆိုထားပါတယ်။
မနက်ဖြန် ဒီဇင်ဘာလ ၂၀ ရက်နေ့ အစည်းအဝေးကိုတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ တောင်းဆိုချက်အရ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတာဖြစ်ပါတယ်။ အာဆီယံရဲ့ လက်ရှိ၊ အရင်ကနဲ့ နောင်တာဝန်ယူမယ့် အလှည့်ကျ ဥက္ကဋ္ဌတွေအပြင် မြန်မာ့အရေး စိတ်ဝင်စားတဲ့ နိုင်ငံတွေရဲ့ အလွတ်သဘော ညှိနိုင်းဆွေးနွေးပွဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အကြပ်အတည်း အဖြေရှာရေး အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်ဖို့ ကြန့်ကြာနေချိန်မှာ အာဆီယံနိုင်ငံတွေ အလွတ်သဘော ဆွေးနွေးကြမှာပါ။ မြန်မာနိုင်ငံရဲ့ ပဋိပက္ခက နယ်စပ်ဒေသတွေကို ရိုက်ခတ်ပြီး စစ်ကောင်စီဘက်က တပ်စခန်းနဲ့ နယ်မြေတွေ ဆက်တိုက် လက်လွှတ်ဆုံးရှုံးနေရချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ နိုင်ငံအတွင်း ပဋိပက္ခတွေကြေင့် မြန်မာနိုင်ငံသား သုံးသန်းခွဲလောက် အိုးမဲ့အိမ်မဲ့ထွက်ပြေးနေရပြီး နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံ လူသားချင်းစာနာမှု အကူအညီလိုအပ်နေတဲ့အကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းတွေက ထုတ်ပြန်နေချိန်လည်းဖြစ်ပါတယ်။
မနက်ဖြန်ကျင်းပမယ့် အာဆီယံနိုင်ငံတွေရဲ့ အလွတ်သဘော ညှိနှိုင်း အစည်းအဝေးမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတက်ရောက်မယ် မတက်ရောက်မယ် အတိအကျ မသိရသေးပါဘူး။ စစ်ကောင်စီကတော့ ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၁၉ ရက်နေ့ ကျင်းပမယ့်အစည်းအဝေးကို တက်ရောက်ဖို့ ဝန်ကြီး ဦးသန်းဆွေနဲ့အဖွဲ့ ထိုင်းနိုင်ငံကို သွားရောက်တယ်လို့ပဲ သတင်းထုတ်ပြန်ထားပါတယ်။