စီးပွားရေးပြန်ကောင်းဖို့ ကြိုးစားနေတဲ့ အာဏာသိမ်း ထိုင်းစစ်တပ်

နိုင်ငံရဲ့ ကျဆင်းနေတဲ့စီးပွားရေး ပြန်ကောင်းလာအောင်လုပ်ဖို့ ထိုင်းစစ်တပ်နဲ့ စီးပွားရေး လုပ်ငန်းတွေက မေ ျှာ်လင့်နေကြပါတယ်။ ခြောက်လကျော်ကြာ နိုင်ငံရေး မတည်မငြိမ်ဖြစ်ခဲ့တာ နဲ့ အကြမ်းဖက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာကြောင့် နိုင်ငံစီးပွားရေးက ဆုတ်ယုတ်ကျဆင်းနေတာပါ။ ဘန်ကောက်မြို့တော်ကနေ ဗွီအိုအေသတင်းထောက် Ron Corben ရဲ့သတင်းဆောင်းပါးနဲ့ အတူ သုံးသပ်ချက်ကို ဒီသီတင်းပတ်စီးပွားရေးကဏ္ဍမှာ တင်ပြထားပါတယ်။

လူထုရဲ့ထောက်ခံမှုကိုရဖို့နဲ့ စီးပွားရေးပြန်ကောင်းလာအောင်မြှင့်တင်ဖို့ ရည်ရွယ်တဲ့အနေနဲ့ စပါးစိုက်လယ်သမား ၈ သိန်းလောက် ကို ပေးဖို့ရှိနေတဲ့ ဆန်ကြွေးငွေ ဒေါ်လာ သန်းပေါင်း ၃,၀၀၀ လောက်ကို စစ်အစိုးရက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ခပ်မြန်မြန်ပဲ ပြန်ပေးခဲ့ပါတယ်။


အဲဒီငွေဟာ Phue Thai ပါတီဦးဆောင်တဲ့အစိုးရက ဈေးကွက်ပေါက်ဈေးထက် ပိုပေးပြီး ဆန်တွေဝယ်ယူခဲ့တဲ့ အငြင်းပွားဖွယ် အစီအစဉ်အရ ပေးဖို့ရှိနေတဲ့ငွေပါ။ အဲဒီဆန်ဝယ်တဲ့အစီအစဉ်ဟာ အာဏာအလွဲသုံးစားလုပ်တာ၊ အကျင့်ပျက်ခြစားမှုဖြစ်အောင် လမ်းဖွင့်ပေးထားတာလို့ အတိုက်အခံတွေက စွပ်စွဲခဲ့ကြပါတယ်။ အစိုးရဘဏ္ဍာငွေက ကုန်ခန်းသွားတာကြောင့် အစိုးရက ပြီးခဲ့တဲ့ နှစ်မှာ မပေးနိုင်ခဲ့ပါဘူး။

ယုံကြည်မှုကို ပြန်တည်ဆောက်ဖို့နဲ့ လယ်သမားတွေကို ငွေပြန်ပေးဖို့ကိစ္စဟာ ရေတိုမှာ စီးပွားရေးပြန်ပြီး နာလန်ထူလာစေဖို့ အတွက် အဓိကခြေလှမ်းတခုဖြစ်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ အကြီးတန်းစီးပွားရေးပညာရှင် Luxman Attapich က ပြောပါတယ်။

“စားသုံးသူတွေရဲ့ယုံကြည်မှုကိုရော ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကိုရော ရဖို့လိုပါတယ်။ ဒါဟာ အရင်အစိုးရရဲ့ ပေးရန် တာဝန်တွေ အားလုံးကို အခုအစိုးရက တာဝန်ယူလိုက်တာကြောင့် အနိမ့်ဆုံးတော့ အခုလို လယ်သမားတွေကို ပေးရမယ့်ငွေပြန်ပေးတာဟာ ကောင်းတဲ့လက္ခဏာတခုပါ။ လယ်သမားတွေမှာ ငွေဝင်လာတယ်ဆိုရင် သူတို့ ကလည်း ပြန်သုံးမှာဆိုတော့ ဒါ စီးပွားရေးအတွက်လည်း ကောင်းတဲ့ကိစ္စပါ။”

လမ်းပေါ် ဆန္ဒပြပွဲတွေ ဆက်ဖြစ်ပြီးတော့ နိုင်ငံရေးပဋိပက္ခက ယုံကြည်မှု လျော့အောင် လုပ်လိုက်တာနဲ့အမ ျှ ရင်းနှီးမြုပ်နှံသူတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကြားမှာ အကြမ်းဖက်မှုတွေ အရှိန်တက်လာ မလားရယ်လို့ ပိုပြီး စိုးရိမ်လာတာကြောင့် ထိုင်းစီးပွားရေး ဟာ စီးပွားပျက်ကပ်စိုက်မယ့် အခြေအနေဆီကို ဦးတည်သွားပါတယ်။

ရွေးကောက်ပွဲတွေကနေ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးဆီ ပြန်မသွားခင်မှာ တိုင်းပြည်တည်ငြိမ်ဖို့အတွက် နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်လို့ စစ်အစိုးရက ပြောပါတယ်။ ရွေးကောက်ပွဲဘယ်တော့ လုပ်မယ်ဆိုတာကိုတော့ ခုချိန်ထိ မသတ်မှတ်ရသေးပါဘူး။

စီးပွားရေးအရ မညီမမ ျှဖြစ်နေတာကို လေ ျှာ့ချဖို့၊ အကျင့်ပျက်ချစားမှုကို ဖြေရှင်းဖို့ နဲ့လုပ်ထုံး လုပ်နည်းပိုင်းတွေ ပြင်ဆင်ပြီး စီးပွားရေးကို ပြုပြင် ပြောင်းလဲမယ့် စီမံကိန်းတွေကို အဓိက စက်မှုကုန်ထုတ် အဖွဲ့တွေက ပြီးခဲ့တဲ့ သီတင်းပတ်တွင်း ချပြခဲ့ကြ ပါတယ်။

စီးပွားရေး တိုးတက်မှုနှုန်းဟာ ဒီ နှစ်ကုန်မှာ ၂ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက် တိုးတက်စေဖို့နဲ့အတူ လာမယ့် လာတွေအတွင်း စီးပွားရေးကို ပြန်ပြီး အသက်သွင်းရမယ်လို့ Phatra Securities ကုမ္ဗဏီက စီးပွားရေး ပညာရှင်နဲ့ညွှန်ကြားရေးမှူး ဖြစ်သူ Supavud Saicheua က ပြောပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေး တည်ငြိမ်မှုဟာ စီးပွားရေး ရေရှည် ပြန်ပြီး နာလန်ထူဖို့အတွက် အဓိက ကျတယ်လို့ Supavud က ပြောပါတယ်။

“ပြန်လည် ရင်ကြားစေ့ရေးကနေတဆင့် နိုင်ငံရေး တည်ငြိမ်မှုရအောင် သိပ်မကြာတဲ့ ကာလတခုမှာ လုပ်ကို လုပ်ရမယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီ ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်က ဘယ်လိုဖြစ်မယ်၊ ဘယ်လောက် အောင်မြင်မယ် ဆိုတာကိုတော့ ကျနော်တို့မသိသေးပါဘူး။ နိုင်ငံရေးအရ နက်ရှိုင်းတဲ့ အကွဲကွဲအပြားပြား ဖြစ်မှုတွေ သမိုင်းနဲ့ချီ ရှိခဲ့ပြီးတော့ အဲဒါကြောင့် အာဏာသိမ်းဖို့ လိုအပ်တယ်ဆိုတဲ့ အခြေအနေတွေအပေါ် ပြည်ပ ရင်းနှီးမြုပ်နှံသူတွေက သတိထားကြပါတယ်။”

ပြုပြင်ပြောင်းလဲရေး လုပ်ရမယ်ဆိုတဲ့ အပြောတွေ ရှိနေတဲ့ကြားကပဲ အခြေအနေတွေ ဘယ်လို ဖြစ်လာမယ်ဆိုတဲ့အပေါ် ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေဟာ ခုချိန်ထိ စောင့်ကြည့်နေကြဆဲပဲလို့ SCB Securities ရင်းနှီးမြှုပ်နှံမှုပွဲစား ကုမဏီက အကြီးတန်း လေ့လာ သုံးသပ်သူ Vikas Kawatra က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ၁၉၃၂ ခုနှစ်မှာ စည်းမျဉ်းခံ ဘုရင်စနစ် ကျင့်သုံးတဲ့ နိုင်ငံ ဖြစ်ခဲ့ပြီးကတည်းကဆိုရင် အာဏာသိမ်းတာ၊ ဒါမှမဟုတ် အာဏာသိမ်းဖို့ကြံစည်တာ ၁၉ ကြိမ်ရှိခဲ့တယ်။

“နိုင်ငံခြားသားတွေ အတွက်ကတော့ ဒါကို စမ်းသပ် လေ့ကျင့်မှုတခုလို ကြည့်နေတုန်းပါပဲ။ တနှစ်၊ တနှစ်ခွဲလောက်မှာ အခြေအနေတွေ ကောင်းလာမယ်၊ ဒီကနေ့ထက်စာရင် အတန်ငယ် ပိုကောင်းလာမယ် ဆိုတာမျိုး သုံးသပ်မှာပါ။ ဒါပေမဲ့လည်း လုပ်ငန်းစဉ် တခုလုံးကို သိသိသာသာ အပြောင်းအလဲ ဖြစ်ဖို့အတွက် ရွေးကောက်ခံသော်လည်းကောင်း၊ ရွေးကောက်ခံ အစိုးရက သော်လည်းကောင်း လုပ်လိမ့်မယ်ဆိုပြီး တယောက်ယောက်က မေ ျှာ်လင့်နေမယ်လို့ ကျနော်တော့ မထင်ပါဘူး။”

စစ်အစိုးရက ဒီသီတင်းပတ်တွင်း ကြေညာခဲ့တဲ့ အပြောင်းအလဲတွေထဲမှာ လုံခြုံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာ တွေကို ကြီးကြပ်မယ့် နည်းပညာရှင်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ မူဝါဒရေးရာ အကြံပေး အဖွဲ့သစ် တခုလည်း ပါဝင်ပါတယ်။

စီးပွားရေးပြန်ပြီး နာလန်ထူလာအောင်လုပ်ဖို့ အာဏာသိမ်းစစ်အစိုးရက ကြိုးစားနေပေမယ့် သူတို့လိုချင်တဲ့ တည်ငြိမ်မှုကတော့ အထူးသဖြင့် ဘန်ကောက်မြို့တော်မှာ အခုချိန်ထိ ပြန်မရသေးဘူးလို့ ဆိုရမှာပါ။

တနင်္ဂနွေနေ့တုန်းကပဲ ဘန်ကောက်မြို့တော်က အဓိက ကုန်တိုက်ကြီးတခုကို ရဲတပ်ဖွဲ့က ပိတ်ပစ်ခဲ့ပါတယ်။ အပေါင်းဖော် ဆန္ဒပြ သူတွေကို ရဲအရာရှိတယောက်က မဖမ်းဆီးနိုင်အောင် အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ ဆန္ဒပြသူတွေက တားဆီးဖို့ ကြိုးစားခဲ့ကြ ပြီးတဲ့နောက် အဲဒီလို ကုန်တိုက်ကို ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

Asoke ကောင်းကင်ရထားဘူတာရုံ အဆောက်အဦးကြီးထဲက Terminal 21 လို့ ကုန်တိုက်ကြီးထဲမှာ ထောင်ပေါင်းများစွာသော ဈေးဝယ်သူ တွေဟာ နေ့လည်ဘက် ဈေးဝယ်ထွက်တာ၊ စားသောက်တာနဲ့ ရုပ်ရှင်ကြည့်ဖို့စီစဉ်ထားတာတွေကို ဖျက်ပစ်လိုက်ရပါ တယ်။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး Prayuth က စိတ်ချလက်ချရှိကြပါလို့ ဘယ်လိုပဲအာမခံပြောနေပါစေ ဒီလိုအခြေ အနေမျိုးဟာ စီးပွားရေးအတွက် မကောင်းတာကတော့ အမှန်ပါပဲ။

အခုကိုပဲ နိုင်ငံခြားသားခရီးသွားတွေကို အဓိကမှီပြီး ရောင်း
ဝယ်ဖောက်ကားနေကြတဲ့ ဈေးဆိုင်တွေရဲ့ ပိုင်ရှင်တွေက စီးပွားရေးဟာ ဘယ်တုန်းကနဲ့မှမတူတောင် ဆိုးနေပြီး ပိုဆိုးလာမှာကို စိုးရိမ်နေကြပါပြီ။

ခရီးသွားနည်းတဲ့ကာလမှာ အာဏာသိမ်းမှုဖြစ်ခဲ့တာမှန်ပေမယ့် ခရီးသွားလုပ်ငန်းကဏ္ဍမှာ လုပ်နေသူတွေအတွက်ကတော့ ပျော်စရာတကွက်မှမရှိပါဘူး။ ဒီအချိန်လို့ ခရီးသွားနည်းတဲ့ကာလမှာတောင် ဟော်တယ်ဧည့်သည်အရေအတွက်ဟာ ၆၀% အောက် ဘယ်တုန်းကမှ မလျော့ခဲ့ဖူးပေမယ့်အခုတော့ ၄၀% လောက် ဒါမှမဟုတ် အဲဒီအောက်တောင်မှ လျော့နေပြီလို့ ထိုင်း ဟော်တယ်အသင်းရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

ဘန်ကောက်မြို့တော်ရဲ့ အပြင်ဘက်မှာ ခရီးသွားလုပ်ငန်းအခြေအနေ တုန့်နှေးနေပြီး ထိုင်းနိုင်ငံဆီ စုစုပေါင်းဝင်ရောက်လာသူ အရေအတွက်ဟာ မနှစ် ဇန်နဝါရီကနေ မတ်လကာလနဲ့နှိုင်းယှဉ်ရင် ၅.၈၅% ကျနေတုန်းပါပဲ။ အဲဒီထဲမှာမှ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တိုင်ဝမ်နိုင်ငံတွေကနေဝင်လာတဲ့ အာရှဒေသခရီးသွားအရေအတွက်ဟာ လွန်ခဲ့တဲ့တနှစ်ကနဲ့ နှိုင်းယှဉ်ရင် အများဆုံးကျဆင်းနေပြီ ဖြစ်ပါတယ်။