ထိုင်းခရိုင် ၃ ခုမှာ စစ်အုပ်ချုပ်ရေးအမိန့် ရုပ်သိမ်း

ထိုင်းနိုင်ငံမှာ နောက်ထပ်ခရိုင် ၃ ခုမှာ အရေးပေါ် အခြေအနေ ကြေညာထားတာကို ရုပ်သိမ်းလိုက်ကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။ ဒါပေမဲ့ အခြေအနေတွေက တည်ငြိမ်မှု မရှိသေးတာကြောင့် မြို့တော် ဘန်ကောက်မှာတော့ အရေးပေါ် အခြေအနေကို ဆက်လက် ထားရှိမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

အခုနှစ် စောစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အစိုးရ ဆန့်ကျင်လှုပ်ရှားမှုတွေ ပြီးဆုံးသွားပြီးနောက်ပိုင်း ခုချိန်အထိ ဘန်ကောက်မြို့တော်မှာ အစိုးရကိုဆန့်ကျင်တဲ့ အကြမ်းဖက်မှု အန္တရာယ်တွေ ရှိနေဆဲဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရသူက ဒီနေ့ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလနဲ့ဧပြီလအတွင်း ဝန်ကြီးချုပ် အဘီဆစ်ကို ဆန့်ကျင်တဲ့ ရှပ်နီဝတ် ဆန္ဒပြသူတွေက ဘန်ကောက်မြို့က အချက်အခြာကျတဲ့ နေရာတွေမှာ သီတင်းပတ် ၁၀ ပတ်ကြာ စီးနင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအတောအတွင်း ဆန္ဒပြသူတွေနဲ့ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုကြောင့် လူ ၉၁ ဦးထက်မနည်း သေဆုံးပြီး ၁,၄၀၀ လောက် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေတွင်းမှာလည်း ဘန်ကောက်မြို့တော်ထဲမှာ အသေးစား ဗုံးပေါက်ကွဲမှုတွေ တခုပြီးတခု ဆက်တိုက်ဖြစ်ခဲ့ပြီး ဗုံးဖောက်ခွဲဖို့ ကြံစည်မှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။