ထိုင်းစစ်တပ်နဲ့ အနီဝတ် ပဋိပက္ခကြား (၁၀) ဦးသေဆုံး

میجر جنرل کھاڈیہ سواسڈیپول

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေ ကို ထိုင်းစစ်တပ် က ဘန်ကောက်မှာ ပစ်ခတ်ခဲ့တဲ့အတွက် လူ အနည်းဆုံး ၁၀ ယောက် သေဆုံးခဲ့ပြီး ၁၂၅ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ သောကြာနေ့ က တစ်ဘက် နဲ့ တစ်ဘက် အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။

ထိုင်းလုံခြုံရေး တပ်တွေ က ဘန်ကောက်မြို့လည်ခေါင် က ဆန္ဒပြသူတွေ ရဲ့ သပိတ်စခန်း ကို ပိတ်ဆိုနိုင်အောင် သောကြာနေ့ က ကြိုးစားခဲ့ကြပါတယ်။

ထိုင်း လုံခြုံရေး တပ်ဖွဲ့တွေ က မျက်ရည်ယိုဗုံး၊ ရာဘာ ကျည်ဆန်တွေ နဲ့ ဆန္ဒပြသူတွေ ကို ပစ်ခတ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကလည်း ဘတ်စကားတစ်စီး နဲ့ တာယာတွေ ကို မီးရှို့ခဲ့ကြပြီး၊ လုံခြုံရေး တပ်ဖွဲ့တွေ ကို ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ နဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

ပေါက်ကွဲသံတွေ နဲ့ သေနတ်ပစ်ခတ်သံတွေ ကို စီးပွါးရေး အချက်အချာကျတဲ့ ဘန်ကောက်မြို့လည် မှာ သောကြာနေ့ တစ်ညလုံး အပြင် စနေနေ့ ဝင်လာတဲ့အထိ ကြားနေရပါတယ်။ ကြာသပတေးနေ့ကတည်း က ဖြစ်ပွါးခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကနေဒါ သတင်းစာဆရာ တစ်ယောက် နဲ့ ထိုင်း သတင်းစာ ဆရာ ၂ ယောက်လည်း ပါဝင်ကြပါတယ်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမား တစ်ယောက်လည်း ဘယ်ဘက် လက်ကောက်ဝတ် မှာ ကျည်ဆံထိမှန်သွားပြီး ဆေးရုံတင်ထားရတယ်လို့ ကျိုတို သတင်းဌာန က ဆိုပါတယ်။ ထိုင်းနိုင်ငံ ဟာ ဒုတိယ မြန်မာနိုင်ငံ ဖြစ်ပြီ ဆိုတဲ့ ဆိုင်းဘုတ်တစ်ခု ကို ဆန္ဒပြသူတစ်ယောက် က ကိုင်ဆောင်ထားတာကိုလည်း သတင်းဓာတ်ပုံတစ်ပုံ မှာ တွေ့ရပါတယ်။

ရှပ်နီဝတ် ဆန္ဒပြသူတွေ နဲ့ ပူးပေါင်းသွားတဲ့ ဗိုလ်ချုပ်တစ်ယောက် ကြာသပတေးနေ့ က အပစ်ခံရပြီး၊ ဒဏ်ရာရသွားခဲ့တာကြောင့် ဆန္ဒပြသူတွေ နဲ့ လုံခြုံရေး တပ်တွေကြားမှာ တိုက်ခိုက်ကြတာတွေ ပိုပြီး ဖြစ်ပွါးလာခဲ့တာပါ။