ထိုင်းရှပ်နီတွေ အရေးပေါ်အမိန့် ဖီဆန်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆင်နွှဲ

ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြတဲ့သူ ရာပေါင်းများစွာဟာ နိုင်ငံတော် အရေးပေါ် ကြေညာချက် ထုတ်ပြန်ထားတာကို အာခံပြီးတော့ ဘန်ကောက်မြို့မှာ စုဝေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မေလက သီတင်းပတ်ပေါင်းများစွာ ဆန္ဒပြမှုတွေအတွင်း ထိုင်းစစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေကြောင့် သေဆုံးခဲ့ရတဲ့ သူတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျင်းပဖို့ အင်္ကျီအနီဝတ် ဆန္ဒပြသူတွေ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီတုန်းက စစ်တပ်နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်ဖြစ်မှုတွေကြောင့် ၂ ဘက်ကြားမှာ လူပေါင်း ၉၀ သေဆုံးခဲ့ပါတယ်။ သေဆုံးသူအများစုက ဆန္ဒပြသူတွေ ဖြစ်ကြပြီး ဆန္ဒပြပွဲ နောက်ဆုံး သီတင်းပတ်မှာတင် ဒဏ်ရာရသူ ၁,၄၀၀ ရှိခဲ့ပါတယ်။

အရေးပေါ် ကြေညာချက်က နိုင်ငံရေးအရ စုရုံးတာတွေကို တားမြစ်ထားပြီး မီဒီယာတွေအပေါ် ပိတ်ဆို့ထားတာတွေကိုလည်း ခွင့်ပြုထားပါတယ်။

အင်္ကျီအနီဝတ် ဆန္ဒပြသူ အများစုဟာ ကျေးလက်ဒေသက ဆင်းရဲသားတွေနဲ့ မြို့နေ အလုပ်သမား လူတန်းစား အများစု ဖြစ်ကြပြီး အရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူတွေ ဖြစ်ကြပါတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ခ်ဆင်ဟာ အဂတိ လိုက်စားတယ်လို့ စွပ်စွဲခံရပြီး ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုမှာ ရာထူးကနေ ဖြုတ်ချခံရတာ ဖြစ်ပါတယ်။

အနီဝတ် ဆန္ဒပြသူတွေကတော့ လက်ရှိဝန်ကြီးချုပ် အဘီဆစ် အစိုးရဟာ ဘန်ကောက်မြို့က အထက်တန်းလွှာ လူတန်းစားနဲ့ စစ်တပ်ရဲ့ ရုပ်သေးအစိုးရလို့ ရှုမြင်ထားကြပြီး အစိုးရအာဏာကို တရားမဝင်တဲ့ နည်းနဲ့ ရယူထားတယ်လို့ စွပ်စွဲနေကြပါတယ်။