သံတွဲဈေး မီးလောင်

သံတွဲဈေး မီးလောင်

ရခိုင်ပြည်နယ် သံတွဲမြို့က ဒွါရာဝတီ မြို့မဈေးကြီး ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာမှာ ဆိုင်ခန်းပေါင်း ၇၄၀ လောက် မီးလောင်ကျွမ်းခဲ့ပြီး ဈေးကြီးရဲ့ လေးပုံသုံးပုံလောက် ပျက်ဆီး ဆုံးရှုံးခဲ့ပါတယ်။ ဒီမီးလောင်မှုဟာ လျှပ်စစ်ဝါယာရှော့ ဖြစ်ရာကနေ စတင်လောင်ကျွမ်းတာလို့ ခန့်မှန်းကြပေမဲ့ ဘာကြောင့်ဆိုတာတော့ အတည်မပြု နိုင်သေးပါဘူး။ မြို့မဈေး မီးလောင်မှုမှာ အထည်ဆိုင်၊ အခြေခံ စားသောက်ကုန်ဆိုင်နဲ့ လူသုံးပစ္စည်းဆိုင်တွေ အဓိက လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး တန်ဖိုးငွေ ဘယ်လောက် ဆုံးရှုံးတယ်ဆိုတာတော့ တွက်ချက်နေဆဲ ဖြစ်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

သံတွဲမြို့က ဒွါရာဝတီ မြို့မဈေးကြီးဟာ ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ရှိပြီး ရွှေထည်ပစ္စည်းကနေ အထည်အလိပ်၊ လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်း အမျိုးမျိုး အပါအဝင် သားငါးနဲ့ ဟင်းသီးဟင်းရွက်အထိ ရောင်းချတဲ့ဈေးကြီး ဖြစ်ပါတယ်။

ဒီကနေ့မနက် အစောပိုင်းက သံတွဲမြို့မဈေးကြီး တဈေးလုံးနီးပါးလောက် ဆုံးရှုံးခဲ့ရတဲ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဒီ မီးလောင်တဲ့အကြောင်းကို ဒေသခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

“သိလိုက်တဲ့အချိန်က ၅ နာရီပါ။ လောင်တာကတော့ ၄ နာရီအကျော်က လောင်တာဖြစ်မှာပေါ့နော်။ သိလိုက်တဲ့အချိန်က ၅ နာရီ ထိုးလောက်မှ သိလိုက်ပါတယ်။ သိလိုက်တယ်ဆိုတာ အဲဒီအချိန်က ငါးစိမ်းသည်တွေ ရောက်နေတဲ့အချိန် ဖြစ်နေပါပြီ။ ငါးစိမ်းသည်တွေက မီးဝင်ငြိမ်းတဲ့အခါမှာ ပြောလိုက်တဲ့အချိန်က ၅ နာရီ ဖြစ်နေပါပြီ။ ဈေးတွင်းထဲမှာ စလောင်ပါတယ်။ မီးက ၉ နာရီလောက်မှ ငြိမ်းပါတယ်။”

အခြား ဒေသခံတစ်ယောက်က မီးငြိမ်းသတ်ခဲ့တဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“မနက် ၅ နာရီမှာ လောင်တယ်။ မီးသတ်ကားက သံတွဲမှာ ၂ စီးရှိတယ်။ တစ်စီးက တွန်းပြီးနိုးရတယ်။ ရေက မရှိဘူး။ တစ်စီးက ရေရှိတယ်။ ရောက်လာတော့လည်း ဒီမှာ သိပ်ပြီးတော့ မဖြန်းနိုင်ဘူးပေါ့။ အထဲဝင်လို့ မရဘူး။ လောင်တာက အထဲကနေ စလောင်တာ။ နောက် တောင်ကုတ်က ရောက်လာပါတယ်။ နောက် ဟိုတယ်က မီးသတ်ကားတွေ ရောက်လာတယ်။ နောက်လေယာဉ်ကွင်း စီမံကိန်းမှာ မီးသတ်ကားတွေ ရှိတယ်။ အဲဒီကောင်တွေ ရောက်လာတော့မှ မီးငြိမ်းသွားတာ။ ရေအားလျှပ်စစ်က ရေဘောက်ဆာ ကားတွေရယ်၊ ပုဂ္ဂလိက ရေဘောက်ဆာတွေနဲ့ ရေတွေ လာသယ်ပြီးတော့ ပြည်သူပြည်သားတွေနဲ့ ဝိုင်းပြီးငြိမ်းလိုက်တော့ ၉ နာရီလောက်မှာ ငြိမ်းတယ်။ ဈေးရဲ့ လေးပုံပုံ သုံးပုံလောက် ပါသွားတယ်။ အရှေ့ဘက်ရဲ့ မျက်နှာစာ တစ်တန်း ကျန်ခဲ့တယ်ပေါ့။”

ဒီမီးလောင်မှုဟာ ပြင်ပ လူနေရပ်ကွက်တွေကို ကူးစက်တာမရှိသလို အထိအခိုက် အသေအပျောက်လည်း မရှိဘူးလို့ ပြောပါတယ်။

မီးလောင်သွားတဲ့အထဲမှာ အထည်ရုံတစ်ရုံ ဆိုင်ခန်းပေါင်း ၃၀ လောက် ပါဝင်သလို ဖိနပ်ဆိုင် အလှကုန် ပစ္စည်းဆိုင်တွေနဲ့၊ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်စတဲ့ အခြေခံစားသောက်ကုန် ဆိုင်တွေ အများစု ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေက မီးစတင် လောင်ကျွမ်းတာဟာ လျှပ်စစ်ဝါယာရှော့ ဖြစ်ရာကနေ စတင်တာလို့ ခန့်မှန်းပေမဲ့ အမည်မဖော်လိုတဲ့ မီးသတ်တာဝန်ရှိသူက အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်းနဲ့ ဆိုင်ခန်းပေါင်း ၇၄၉ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ပြောပါတယ်။ ပျက်ဆီးဆုံးရှုံးမှု ငွေပမာဏကိုတော့ စစ်ဆေး တွက်ချက်နေဆဲ ဖြစ်ကြောင်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ မြို့မဈေးမီးမှာ ဆိုင်ခန်း ၁၀ ခန်းဆုံးရှုံးခဲ့သလို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့ မင်းပြားမြို့ မြို့မဈေးကြီး မီးလောင်မှုမှာ ဆိုင်ခန်းပေါင်း ၅၇၀ နီးပါး ဆုံးရှုံးခဲ့ရပါတယ်။

ခြောက်သွေ့ရာသီ စတင် ဝင်ရောက်လာတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါလအတွင်းက မြန်မာတပြည်လုံးမှာ မီးလောက်မှုပေါင်း ၁၂၃ ကြိမ် ဖြစ်ပွားပြီး ခန့်မှန်းခြေ ကျပ်ငွေ သိန်း ၇၃၀ ကျော် ဆုံးရှုံးခဲ့ရပါတယ်။

၂၀၁၁ ခုနှစ် အတွင်းမှာတော့ တနိုင်ငံလုံးမှာ မီးလောင်မှုပေါင်း ၉၂၃ ကြိမ် ဖြစ်ပွားပြီး လူ ၆၁ ဦး သေဆုံးပြီး ၁၅၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သလို ကျပ်ငွေ သန်းပေါင်း ၁,၉၀၀ ဆုံးရှုံးခဲ့ပါတယ်။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် မီးမှာတော့ လူ ၁၇ ယောက် သေဆုံးပြီး လူ ၈၃ ယောက် ထိခိုက်ဒဏ်ရာရကြောင်း အစိုးရပိုင် သတင်းစာတွေမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။