ကျေးဇူးတော်နေ့ အမေရိကန်အခြေချ ချင်းတိုင်းရင်းသားအမြင်

U.S. President Donald Trump participates in the 70th National Thanksgiving turkey pardoning ceremony in the Rose Garden of the White House in Washington, U.S.

ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ Thanksgiving လို့ခေါ်တဲ့ ကျေးဇူးတော်နေ့ဖြစ်ပါတယ်။ နိုဝင်ဘာလ စတုတ္ထပတ်မှာကျရောက်တဲ့ ကြာသာပတေးနေ့ကို ကျေးဇူးတော်နေ့အဖြစ် သတ်မှတ်ထားတာပါ။ အစဉ်အလာအရ အိမ်ဖြူတော်မှာ သမ္မတက ကြက်ဆင်ကို ဘေးမဲ့ပေးလေ့ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေကြတဲ့ မြန်မာပြည်ဖွားတွေကရော ကျေးဇူးတော်နေ့ကို ဘယ်လိုဆင်နွဲှကြသလဲဆိုတာ ဒေါ်လှလှသန်းက တင်ပြမှာပါ။

“ကျနော် မိသားစုကိုယ်စား အမေရိကန်နိုင်ငံသားအားလုံးကို ပျော်ရွှင်သော ကျေးဇူးတော်နေ့ဖြစ်ပါစေလို့ ကျနော်ဆုတောင်းပေးပါတယ်။ ဒီနေ့မှာ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ကိုယ့်ဘဝမှာခံစားရတဲ့ ကောင်းချီးတွေအတွက် ကျေးဇူးတင်လှပါတယ်။” လို့ သမ္မတ Trump က အမေရိကန်နိုင်ငံသားတွေကို ပျော်ရွှင်သော ကျေးဇူးတော်နေ့ဖြစ်ပါစေလို့ဆုတောင်းပေးခဲ့တာပါ။

သမ္မတကတော် Melania Trump နဲ့ Rose Garden မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အစဉ်အလာအရ ကြက်ဆင်တကောင်ကို ဘေးမဲ့လွှတ်တဲ့နေ့မှာ အခုလို သမ္မတက ဆုတောင်းပေးခဲ့တာဖြစ်ပါတယ်။ သမ္မတက တောင် Dakota ပြည်နယ်က Peas and Carrots လို့အမည်ပေးထားတဲ့ ကြက်ဆင်နှစ်ကောင်အနက် တကောင်ကို ဘေးမဲ့ပေးဖို့ အိမ်ဖြူတော်ဝက်ဘ်ဆိုဒ်ကနေ မဲပေးဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“ဒီခမ်းနားလှတဲ့ ရိုးရာအစဉ်အလာပွဲ ကျင်းပရာမှာ ဒီနေ့အတွက် ကံကောင်းတဲ့ ကြက်ဆင်ကတော့ Peas ဖြစ်ပါတယ်။ သူ့ကိုဘေးမဲ့ပေးဖို့ အိမ်ဖြူတော်ဝက်ဘ်ဆိုဒ်မှာ ထောက်ခံခဲ့ကြသူတွေရဲ့ မဲနဲ့ တရားမျှတစွာဆုံးဖြတ်ခဲ့တာပါ။”

Peas တကောင်ကိုပဲ မဲပေးဖို့ ဆုံးဖြတ်ခဲ့ပေမယ့် သမ္မတက နှစ်ကောင်စလုံးကို ဘေးမဲ့ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကျေးဇူးတော်နေ့ ညစာစားပွဲတွေမှာ ချက်စားလေ့ရှိတဲ့ ကြက်ဆင်တွေကို အခုလို ဘေးမဲ့ပေးတဲ့အစဉ်အလာဟာ သမ္မတ အီဗရာဟမ်လင်ကွန်းလက်ထက်က ထိုစဉ် သမ္မတရဲ့ သားဖြစ်သူက ကြက်ဆင်ကိုသနားခဲ့ပြီး ဘေးမဲ့ပေးဖို့ ဆုံးဖြတ်ရာက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း သမ္မတတွေကို ကြက်ဆင်ကို လက်ဆောင်အဖြစ်ပေးခဲ့ကြရာမှာ ၁၉၈၉ခုနှစ်မှာတော့ သမ္မတ George H.W. Bush လက်ထက်မှာ တိရစ္ဆာန်အရေး လှုပ်ရှားသူတွေရဲ့ တောင်းဆိုချက်အရ ဘေးမဲ့လွှတ်ပေးတဲ့ အစဉ်အလာဆင်းသက်လာတယ်လို့ ဆိုပါတယ်။

လက်ရှိဘေးမဲ့ ပေးခံရတဲ့ Peas နဲ့ Carrots ကြက်ဆင်နှစ်ကောင်ဟာ ဗာဂျီးနီးယားပြည်နယ် Blacksburg ရှိ Virginia Tech တက္ကသိုလ်ခြံဝင်းမှာ သူတို့သက်သက် ဘေးမဲ့နေထိုင်ခွင့်ရရှိကြမှာဖြစ်ပါတယ်

ဒါပေမဲ့ ကျေးဇူးတော်နေ့မှာတော့ အမေရိကန်နိုင်ငံသားတွေ ညစာ ချက်စားကြတဲ့ ကြက်ဆင်အကောင်ပေါင်းကတော့ ၄၄ သန်းလောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ ကျေးဇူးတော်နေ့ဟာ အမေရိကန်နိုင်ငံသားတွေ ခရီးအသွားဆုံးနေ့လည်းဖြစ်သလို၊ မိသားစုတွေ ဆွေမျိုးတွေ ပြန်လည်ဆုံဆည်းကြတဲ့နေ့လည်းဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မြန်မာနိုင်ငံက လာရောက်ပြောင်းရွှေ့အခြေချခံကြတဲ့ ဒုက္ခသည်ပေါင်း ၂ သိန်းကျော်ရှိရာမှာ ချင်းလူမျိုး ဒေါက်တာရိုဒင်းကတော့ အင်ဒီယားနားပြည်နယ်မှာ အခြေချပြီး အမေရိကန်-မြန်မာလူမှုရေးအသင်းဥက္ကဌ အဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူကအမေရိကန်ပြည်ထောင်စုကို လာရောက် အခြေချခွင့်ရတဲ့အတွက် အခုလိုကျေးဇူးတော်နေ့မှာ အထူးအောင်းမေ့သတိရမိတယ်လို့ ပြောပါတယ်။

“ အများကြီး ကျေနပ်အားရပါတယ်။ ကျနော် ခရစ်ယာန်တယောက်အနေနဲ့ ဘုရားသခင်ရဲ့ ဂုဏ်တော်ကိုလည်း ချီးမွမ်းပါတယ်။ ကျနော်အဖေနဲ့ အကို၊ ကျနော့်အဖေကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အမတ်ပေါ့။ ကလေးမြို့ လွှတ်တော်ကိုယ်စားလှယ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ပါတီက ဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးလို့ စစ်တပ်က အာဏာလွဲှပြောင်းခြင်းမရှိပဲ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အခြား NLD ပါတီဝင်တွေကို ဖမ်းတဲ့အခါမှာ ကျနော်နဲ့ ကျနော့်ညီက အိန္ဒိယဘက်ကို ခြေကျင်လျောက် တောင်တန်းတွေကျော်ပြီး ထွက်ပြေးခဲ့ရတယ်။ အိန္ဒိယမှာ ဒုက္ခသည်အဖြစ်ခံယူပြီး ရှစ်နှစ် ၉ နှစ်လောက်နေခဲ့တယ်။ ၂၀၀၄ ကျတော့ အမေရိကားကို ပညာတော်သင်ထောက်ပံ့တဲ့အစီအစဉ်နဲ့ ရောက်လာတယ်။ ရောက်လာတဲ့အခါမှာ လုံလုံခြုံခြုံ အေးအေးချမ်းချမ်းနဲ့ နေနိုင်တဲ့ အခွင့်အရေးရလာတယ်။ ပညာသင်ယူခွင့်လည်းရခဲ့တယ်။”

ကျေးဇူးတော်နေ့မှာ အမေရိကန်နိုင်ငံသားအများစုဟာ မိသားစုတွေ စုံစည်းတဲ့ ညစာစားပွဲတွေ ကျင်းပကြသလို နောက်နေ့မှာလည်း Black Friday လို့ခေါ်တဲ့ သောကြာနေ့ အထူးလျော့ဈေးနဲ့ ရောင်းချတဲ့ ဈေးဆိုင်တွေမှာလည်း သွားရောက်ဈေးဝယ်လေ့ရှိကြပါတယ်။

Your browser doesn’t support HTML5

ကျေးဇူးတော်နေ့ အမေရိကန်အခြေချ ချင်းတိုင်းရင်းသားအမြင်