အခြေခံဥပဒေပြင်ဆင်ရေး သံလျင်မှာဆန္ဒပြ

မြန်မာနိုင်ငံမှာ အချေအတင် ပြောစရာတွေနဲ့ ကြုံနေရတဲ့ အခြေခံဥပဒေကို အမြန်ဆုံး ပြင်ဆင်နိုင်ရေး ဖိအားပေးတဲ့အနေနဲ့ တနင်္ဂနွေနေ့က ရန်ကုန်မြို့ တဖက်ကမ်း သံလျင်မြို့နယ်ထဲမှာ တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြခဲ့ကြပါတယ်။ အဓိက နိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ၊ ကျောင်းသားလူငယ်တွေ အပါအဝင် ဆန္ဒပြရာမှာတော့ မြို့ခံတွေကလည်း အားပေးခဲ့ကြတဲ့အကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာနို်င်ငံမှာ နာဂစ်မုန်တိုင်းဖြစ်တဲ့အချိန်မှာအတည်ပြုရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ပြင်ဆင်ရေးနဲ့ အများပြည်သူ လက်မခံတဲ့ပုဒ်မတွေကို ပြင်ဆင်ပေးဖို့ သန်လျင်မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြခေါင်းဆောင်သူတဦးဖြစ်တဲ့ ဗကသများအဖွဲချုပ် ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂက ကိုအောင်ကျော်မင်းက သူတို့ တောင်းဆိုချက်တွေကို အခုလို ပြောပါတယ်။

“ကြွေးကြော်သံသုံးခုနဲ့ပြတယ်ပေါ့နော်၊ ပထမတစ်ခုကြွေးကြော်သံတစ်ခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံး ပြင်ဆင်ရေးနဲ့ နောက်တစ်ခုက အများပြည်သူ သဘောမတူတဲ့ ပုဒ်မ မှန်သမျှကို အကုန်လုံးပြင်ဆင်ရေး-ပေါ့နော်၊ နောက်တစ်ခုက ဘာလဲဆိုတော့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဆိုပြီးတော့ ကြွေးကြော်သံသုံးခုနဲ့ ကြွေးကြော်ဆန္ဒပြခဲ့တာပေါ့နော်။ ကျနော်တို့ သံလျင်မြို့နယ်၊ ကျိုက်ဒေးယုံဘုရားဝန်းနားမှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်ကနေပြီးတော့ ကျနော်တို့ စထွက်တယ်။ သံလျင်ဈေးကို အရင်သွားတယ်။ ပြီးတော့ နာရီစင်၊ ထွေ/အုပ်ရုံးသွားတယ်။ နောက်ပြီးတော့ ပြီးတော့ မယကရုံးရှေ့သွားတယ်။ ရုံးတော်တော်များများရှေ့မှာ ရပ်ပြီးတော့ ကျနော်တို့ စကားတွေပြောတယ်။ နောက်ပြီးတော့ တမြို့လုံးကိုပတ်ပြီးတော့ စထွက်တဲ့ သံလျင်လွတ်လပ်ရေးကျောက်တိုင်ကိုပဲ ကျနော်တို့ပြန်ရောက်မှ လူစုခွဲလိုက်တာပေါ့ခင်ဗျာ။”

သန်လျင်မြို့ခံလူထုကလည်း ဆန္ဒပြပွဲကို လိုက်လံအားပေး ကြည့်ရှုကြတယ်လို့ ဆိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဥပဒေရှုဒေါင့်က ကြည့်မယ်ဆိုရင် ပြင်ဆင်ဖို့ခက်ခဲကြောင်း၊ ခက်ခဲအောင်လည်း လုပ်ထားကြောင်း ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံရဲ့အားနည်းချက်က အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးပေါ့။ ဒီဒေါက်တိုင်တွေရဲ့အားနည်းချက်တွေ ဒီဖွဲ့စည်းပုံထဲမှာလည်းရှိနေတာပေါ့။ ဒီဖွဲ့စည်းပုံကို ဟိုနေရာလေးကွက်ပြင်လိုက်၊ ဒီနေရာလေး ကွက်ပြင်လိုက်ရုံနဲ့တော့ မလုံလောက်ဘူးလို့ တချို့ပြည်သူလူထုကတော့ အဲလိုလက်ခံတာပေါ့နော်။ သူပေးထားတာကတော့ အခန်း ၁၂ မှာက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်တယ်ဆိုတဲ့ အနေအထားမျိုးကို စပေးထားတယ်။ ဒါပေမယ့် အဲဒါက လူထုနည်းနဲ့ ပြင်ဆင်မလားဆိုတဲ့ ဥစ္စာကျတော့လည်း သူက မဟုတ်ဘူး။ ဒီ ပြည်ထောင်စုလွှတ်တော်ထဲမှာပဲ ဒီဖွဲ့စည်းပုံဥပဒေမူကြမ်းကို တင်သွင်းရမယ်။ အဲဒီဖွဲ့စည်းပုံကို ပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ % ကနေ တင်ပြလာမှ တင်ဖို့ ဥပဒေမူကြမ်းကို လက်ခံ ဆွေးနွေးမယ်ဆိုတဲ့အဆင့်လောက်ပဲ ထားတာဗျ။ အဲဒီတော့ ဒီဖွဲ့စည်းပုံကို ကြည့်လို့ရှိရင် အင်မတန်မှခက်ခဲအောင်၊ ပြင်လို့မရအောင် လုပ်ထားတယ်ပေါ့နော။ ဒီနေ့ အာဏာရပါတီ အစိုးရနဲ့ တပ်မတော် ၂၅ % နဲ့ တွဲညှိထားတယ်ဆိုရင်တော့ ပြင်ဖို့ဆိုတာက အင်မတန်မှ ခက်ခဲတဲ့အနေအထားတွေရှိတယ်။”

မြန်မာနိုင်ငံမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တဲ့ ကန့်သတ်ချက် ပုဒ်မတွေ ပါတဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ တောင်းဆိုမှုတွေ၊ ဆန္ဒပြမှုတွေ ရှိသလို အဲဒီ ပုဒ်မတွေဟာ လူတစ်ဦးတစ်ယောက်အတွက် မပြင်ဆင်သင့်ဘူးဆိုပြီး မပြင်ဆင်ဖို့အတွက် ထောက်ခံတဲ့ဆန္ဒပြပွဲတွေလည်း ရှိနေတာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တိုင်းနဲ့ပြည်နယ် မြို့နယ်တချို့မှာ လူထုအစည်းအဝေးတွေလုပ်ပြီး တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။