တွေ့ဆုံဆွေးနွေးကြဖို့ The Elders တောင်းဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗြိတိန်နိုင်ငံ၊ လန်ဒန်အခြေစိုက် The Elders အဖွဲ့မှ Dr. Mrs. Gro Harlem Brundtland ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ။ သတင်းဓာတ်ပုံ ကာကွယ်ရေးဦးစီးချုပ် FB

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ The Elders အဖွဲ့က တောင်းဆို လိုက်ပါတယ်။ သူတို့ရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွေ့အကြုံတွေ နဲ့ ပတ်သက်လို့ ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း The Elders အဖွဲ့က အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံ ကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

The Elders အဖွဲ့လို့ခေါ်တဲ့ အထင်ကရ ဝါရင့်ခေါင်းဆောင်ကြီးများ အဖွဲ့ ဟာ မြန်မာနိုင်ငံ ကို အခုလ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ သွားရောက် လည်ပတ်ပြီး သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ အပြင် တခြား တိုင်းရင်းသားခေါင်းဆောင်တွေ၊ လူထုအခြေပြု အရပ်ဖက် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို တွေ့ဆုံရာမှာ သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေ ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ဖို့ လိုလားကြောင်း သက်ဆိုင်သူတွေကို တိုက်တွန်းပြောဆိုခဲ့တယ်လို့ ဒီကနေ့ Sedona ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း The Elders အဖွဲ့ရဲ့ ဒုဥက္ကဌ Gro Harlem Brundtland က ပြောပါတယ်။

"မကြာခင် ရက်ပိုင်းအတွင်း တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စတော့မယ်လို့ ကျမတို့ ကြားပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ သဘောတူညီလည်း ရရှိနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆွေးနွေးပွဲတွေအဆင့်ကို အမြန် ပြောင်းလဲ ပြုလုပ်ကြဖို့ လိုပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသား လူမျိုးစုအားလုံး တန်းတူ ညီမျှ သဟဇာတာ မျှတစွာ အတူတကွ နေထိုင်နိုင်ရေး လုပ်ဆောင်ဖို့ မြန်မာနိုင်ငံသားတွေဟာ သမိုင်းဝင် အခွင့်အလမ်းကြီး ရရှိနေပါတယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖို့ လိုအပ်ကြောင်း သူတို့အနေနဲ့ အဓိကထား အကြံပြုခဲ့တာမှာ အဲဒီ တွေ့ဆုံ ဆွေးနွေးမှုတွေဟာ ဘယ်လိုပုံစံမျိုးဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက် ရှိစရာမလိုဘူးလို့ သူက ဆက်ပြောပါတယ်။

"အမျိုးသားရင်ကြားစေရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲတွေကို ဘယ်လိုပုံစံနဲ့ ပြုလုပ်ကြမလဲ ဆိုတဲ့ ဒွိဟ ကွဲပြားမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကျမတို့အနေနဲ့ နားလည်ပါတယ်။ ၆ ပွင့်ဆိုင်လား၊ ၁၂ ပွင့်ဆိုင်လား၊ ၁၀ ပွင့်ဆိုင်လား။ ကျမတို့အနေနဲ့ အဲဒီလို ကွဲပြားတဲ့ အကြံပေးမှုတွေကို ကြားနေရပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ ဒီဆွေးနွေးပွဲတွေ ဖြစ်ဖို့ပါပဲ။ တွေ့ဆုံ ဆွေးနွေးမှုတွေ စဖို့ပါ။"

The Elders အဖွဲ့ဟာ ဒီကနေ့ NLD ပါတီအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဆုံခဲ့သလို့ ဒီခရီးစဉ်အတွင်း တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံတဲ့အခါမှာလည်း အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားရင်ကြားစေ့ရေး ကိစ္စတွေကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

စစ်တပ် ကြီးစိုးမှုရှိနေဆဲ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး နဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အရေးကြီး ဆောင်ရွက်သင့်တယ်ဆိုတာကိုလည်း ရွေးကောက်ပွဲကော်မရှင်အကြီးအကဲနဲ့ တွေ့ဆုံတဲ့အချိန် ပြောဆိုခဲ့ပြီး ကော်မရှင်ဖက်ကလည်း ရှေ့နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာသူတွေ လာရောက် စောင့်ကြည့်နိုင်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

The Elders အဖွဲ့ဟာ မြန်မာနိုင်ငံကို မလာခင် ထိုင်းနိုင်ငံကို ဒီဇင်ဘာ ၁၂ နဲ့ ၁၃ ရက်တွေမှာ သွားရောက်ပြီး WLB အမျိုးသမီးများအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေး အခြေအနေတွေ သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ ၁၅ လအတွင်း The Elders အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို တတိယအကြိမ်မြောက် လာရောက် လည်ပတ်ခြင်းလည်း ဖြစ်ပါတယ်။