ကုလမြန်မာသံအမတ်ကြီးကို လုပ်ကြံဖို့ကြံစည်မှု FBI အပြည့်အဝစုံစမ်းဖေါ်ထုတ်ဖို့ မျှော်လင့်-မြန်မာ့အရေးလှုပ်ရှားသူများ

This screengrab of handout video made available on the U.N. YouTube channel shows Myanmar's ambassador Kyaw Moe Tun making a three-finger salute as he addresses the General Assembly on Feb. 26, 2021 in New York.

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်မြေပေါ်မှာ လုပ်ကြံဖို့ ကြံစည်တယ်ဆိုတဲ့ အမှုကို FBI အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရိုအနေနဲ့ အပြည့်အဝဖေါ် ထုတ် စုံစမ်းအရေးယူနိုင်မယ်လို့ မြန်မာ့အရေးလှုပ်ရှားနေသူတွေ မျှော်လင့်ထားပါတယ်။

သံအမတ်ကြီးကို လုပ်ကြံဖို့ဆိုပြီး နယူးယောက်မှာနေထိုင်တဲ့ အသက် (၂၀)ကျော် မြန်မာနိုင်ငံသားနှစ်ဦးကို ငွေပေးငှားရမ်းခဲ့တယ်ဆိုတဲ့ FBI ရဲ့ စုံစမ်းစစ်ဆေး ဖေါ်ထုတ်ချက်အပေါ်မှာ NUG ဝန်ကြီး ဦးထင်လင်းအောင်နဲ့ နယူးရောက် မြန်မာအသိုင်းအဝိုင်းက ကိုနေတင်မြင့်တို့ရဲ့တုန့်ပြန်ချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

နယူးရောက်မှာနေထိုင်တဲ့ အသက် (၂၈)နှစ်အရွယ် မောင်ဖြိုးဟိန်းထွဋ်နဲ့ အသက် (၂၀)အရွယ် မောင်ရဲဟိန်းဇော်တို့ နှစ်ဦးဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ခန့်မှန်းခြေ၂၀၂၁ ဇူလိုင်လ ဒါမှမဟုတ် ခန့်မှန်းခြေ သြဂုတ်လ ၅ ရက် အတွင်း လုပ်ကြံဖို့ ဒါမှမဟုတ် နာကျင်ထိခိုက်အောင် လုပ်ဖို့ ကြံစည်ခဲ့ကြတယ်လို့ စွပ်စွဲခံထားရကြောင်း သြဂုတ်လ (၆)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ နယူးယောက် တောင်ပိုင်းခရိုင် တရားရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် စွပ်စွဲခံရသူနှစ်ဦးကို အချိန်မှီ ချက်ချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း FBI အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို ယာယီ လက်ထောက်ညွန်ကြားရေးမှူး Jacqueline Maguire ကပြောကြားခဲ့တယ်လို့လည်း အဲဒီကြေညာချက်မှာဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂမှာ မြန်မာ့အရေး အရေးကြီးနေတဲ့အချိန် စစ်အာရှင် စနစ်ကို ပြတ်ပြတ်သားသားဆန့်ကျင်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း လုပ်ကြံဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်တွေအတွက် သံအမတ်ရဲ့ လုံခြုံရေးကို အထူးပဲ စိုးရိမ်မကင်းဖြစ်မိတယ်လို့ အမေရိကန်မှာရှိနေတဲ့ NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ဗွီအိုအေကိုပြောပါတယ်။

FBI ရဲ့ စုံစမ်း စစ်ဆေးချက်အရ ထိုင်းနိုင်ငံမှာရှိတဲ့ လက်နက်ပွဲစား တဦးကနေ နယူးယောက်မှာရှိတဲ့ မောင်ဖြိုးဟိန်းထွဋ်နဲ့ မောင်ရဲဟိန်းဇော်တို့ကို ငွေပေး ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း နယူးရောက်က မြန်မာအသိုင်းအဝိုင်းအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ လုံခြုံရေး အခြေအနေတွေကို အထူးသတိထားစောင့်ကြည့်ပေးနေကြောင်း နယူးရောက် မြန်မာအသိုင်းအဝိုင်းက ဦးဆောင်သူတဦးလည်းဖြစ်၊ သံအမတ်ကြီးရဲ့ လုံခြုံရေးကို စေတနာဝန်ထမ်းအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုနေတင်မြင့်က ဗွီအိုအေကိုပြောပါတယ်။

အခုလို အမေရိကန်မြေမှာ နိုင်ငံခြားသံတမန်တဦးကို သတ်ဖို့ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရအောင်လုပ်ဖို့ အလားအလာရှိနေတဲ့ လုပ်ကြံမှုအစီအစဉ်အတွက် ငှားရမ်းခံရတယ်ဆိုပြီး စွပ်စွဲခံရတဲ့ ဒီလူနှစ်ဦးကို အမြန်ဆုံးခြေရာခံလိုက်ပြီး ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့တဲ့ Westchester Safe Streets Task Force နဲ့ လုပ်ဖေါ်ကိုင်ဖက် ရဲတပ်ဖွဲ့နဲ့ အေဂျင်စီတွေကို ကျေးဇူးတင်ကြောင်းနဲ့ အမေရိကန်နိုင်ငံတွင်း ဥပဒေချိုးဖောက်သူ မည်သူမဆို တရားဥပဒေ အရ ထိထိရောက်ရောက် အရေးယူခံရမှာဖြစ်သလို၊ လုပ်ကြံဖို့ ကြံစည်တယ်လို့ စွပ်စွဲခံထားရတဲ့ သူနှစ်ဦးဟာလည်း အကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ FBI ယာယီ လက်ထောက်ညွန်ကြားရေးမှူး Jacqueline Maguire ကပြောပါတယ်။

အလားတူ NYPD နယူးရောက်ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီး Dermot Shea ကလည်း တရားခံလို့ စွပ်စွဲခံထားရသူတွေဟာ အမေရိကန်မြေပေါ်မှာ နိုင်ငံတကာခေါင်းဆောင်တဦးကို အကြမ်းဖက်ဖို့ ကြံစည်တဲ့လုပ်ရပ်ကို သူတို့အနေနဲ့ လက်ခံနိုင်စရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ နယူးယောက် တောင်ပိုင်းခရိုင် တရားရုံးရဲ့ကြေညာချက်မှာပဲ တစုံတရာ ထိခိုက်မှုမရှိခင်မှာ NYPD နယူးရောက် ရဲ တပ်ဖွဲ့၊ တောင်ပိုင်းခရိုင် အမေရိကန် တရာရုံးနဲ့အစိုးရရှေ့နေတွေ မနေမနား ပူးပေါင်းပြီး စွပ်စွဲခံထားရသူတွေကို တရားရုံးတင်စစ်ဆေးနိုင်အောင် ဆောင်ရွက်ခဲ့ကြကြောင်း ကော်မရှင်နာမင်းကြီးက ပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

FBI ကနေ အမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ လက်ရှိ သူတို့ နှစ်ဦးအပေါ် စွဲထားတဲ့ အမှုတွေဟာ စွပ်စွဲချက်တွေသာဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင်တော့ ဥပဒေနဲ့ အညီ အရေးယူ အပြစ်ပေးခံရမှာဖြစ်တယ်လို့ နယူးယောက် တရားရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

-----------------------------------------

