စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့လယ်ယာမြေအရေး လှုပ်ရှားခွင့်အခြေအနေ 

နေပြည်တော်ရှိ ဆန်စက်တခုမှာ ဆန်စေ့တွေကို ဖြန့်လှန်းနေတဲ့ အလုပ်သမားတဦးကိုတွေ့ရစဉ် (မေ ၂၇၊ ၂၀၁၈)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်သမားအရေး လှုပ်ရှားနေကြတဲ့ သမဂ္ဂတွေလည်း တရားဝင် လှုပ်ရှားခွင့် မရှိကြတော့ပါဘူး။ နိုင်ငံရေး အကြပ်အတည်းတွေကြားမှာ တောင်သူလယ်သမား သမဂ္ဂဝင် တချို့ကတော့ လယ်သမားအရေး ဦးစားပေး လုပ်ချင်ကြသလို၊ တချို့ကတော့လည်း နိုင်ငံရေးပါ တွဲလုပ်ဖို့ လိုတယ်လို့ မြင်နေကြတာပါ။ ဒါနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းထားတဲ့ ဗွီအိုအေ အဖွဲ့သား ကိုခင်မောင်စိုးမင်းက တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတွေကို မေးမြန်း စုစည်းတင်ဆက်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလုပ်ဆောင်နေကြတဲ့ နိုင်ငံရေးပါတီတွေလို ပါပဲ လွတ်လပ်တဲ့ တောင်သူလယ်သမား သမဂ္ဂတွေလည်း တရားဝင် လှုပ်ရှားခွင့်တွေ မရကြတော့ပါဘူး။ ဒါပေမယ့်လည်း အဲဒီတောင်သူလယ်သမားသမဂ္ဂတွေအကြားမှာ ဆက်သွယ်ဆောင်ရွက်မှုတွေ ဆက်လက်ရှိကြပေမယ့် တောင်သူလယ်သမား အရေး သက်သက် သီးသန့် လုပ်ဆောင်ချင်တဲ့အဖွဲ့တွေ နဲ့ လက်ရှိ မြန်မာနိုင်ငံအခြေအနေအရ နိုင်ငံရေးကိုပါ တွဲလုပ်ဆောင်ရမယ်ဆိုတဲ့ အမြင်ကွဲပြားမှုတွေလည်း ရှိနေကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လေ့လာစုံစမ်းထားတဲ့ ဗွီအိုအေ အဖွဲ့သား ကိုခင်မောင်စိုးမင်း က တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတွေကို မေးမြန်း စုစည်း တင်ဆက်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်တဲ့ တောင်သူလယ်သမား သမဂ္ဂတွေဟာ တရားဝင် လှုပ်ရှားခွင့်တွေ ဘာမှမရကြတော့သလို အဖွဲ့အစည်းရပ်တည် စုစည်းကြဖို့တောင်မှ မလွယ်တော့ပါဘူး။ အဲဒီအတွက် တချို့အဖွဲ့အစည်းတွေကလည်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ စိုးမိုးမှုရှိတဲ့ဒေသတွေမှာ ပြောင်းရွှေ့ပြီး တောင်သူလယ်သမားအရေးကို ဆက်လက်လုပ်ဆောင်ကြသလို ၊ တချို့ကလည်း မိမိရှိတဲ့နေရာမှာပဲ ရပ်တည်နေပြီး အခြေအနေကိုကြည့် လျှို့လျှိုဝှက်ဝှက် လုပ်ဆောင်တာတွေလည်းရှိကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တောင်သူလယ်သမား သမဂ္ဂတွေ လွတ်လပ်စွာ ရွေးချယ် ပေါ်ထွန်းဖို့အတွက်က ဒီမိုကရေစီနိုင်ငံရေး အခြေခံကောင်းကောင်း လိုအပ်တယ်လို့ FTUB ခေါ် မြန်မာနိုင်ငံ အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် မှာ တောင်သူလယ်သမားရေး လုပ်ဆောင်ခဲ့ဘူးတဲ့ ဒေါက်တာ ဇော်ဝင်းအောင် က ပြောပါတယ်။

" လယ်သမား သမဂ္ဂတွေပေါ့နော် ။ တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေ သူတို့ရဲ့ အသင်းအဖွဲ့တွေ ၊ သမဂ္ဂတွေ တည်ရှိမှုကတော့ ဒီလယ်သမားတွေ အလုပ်သမားတွေ အကျိုးစီးပွားအတွက် အရေးကြီးပါတယ်။ ဒါကတော့ ငြင်းမရတဲ့အချက်ပေါ့နော်။ ဒီနေ့ခေတ် ဒီနေ့အခါကတော့ အခက်အခဲတွေရှိမှာပဲ။ အလုပ်သမား လယ်သမား သမဂ္ဂတွေရဲ့ ပြောလေ့ဆိုလေ့ရှိတဲ့ စံနှုန်းတခုကတော့ လွတ်လပ်တဲ့ လယ်သမား သမဂ္ဂ ၊ အလုပ်သမား သမဂ္ဂဆိုတာ သူတို့ကိုယ်တိုင်ဖွဲ့စည်းပြီး သူတို့ကိုယ်တိုင် ဒီမိုကရေစီနည်းကျရွေးကောက်ထားတဲ့ ရွေးကောက်တင်မြှောက်ထားတဲ့အဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ဖို့အတွက်ကတော့ ဒီမိုကရေစီရှိဖို့ လိုအပ်ပါတယ်"

တောင်သူလယ်သမား သမဂ္ဂတွေ အနေနဲ့ လက်ရှိ အခြေအနေတွေအရ မတူညီကြတဲ့ အနေအထားမှာ ရပ်တည်လုပ်ဆောင်နေကြရသလို တောင်သူလယ်သမားအရေးသက်သက် ကိုပဲ ဆောင်ရွက်ရမယ်ဆိုတာ နဲ့ နိုင်ငံရေးကိုပါ ပူးတွဲလုပ်ဆောင်ရမယ်ဆိုတဲ့ အမြင်ကွဲပြားမှုတွေလည်း ရှိနေကြပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂ MFU ရဲ့ ဥက္ကဌလည်းဖြစ် ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူပါတီ နောက်ခံနဲ့ ကော့မှူးမြို့နယ် မဲဆန္ဒနယ်ကနေ တိုင်းဒေသကြီး လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မစုစုနွေး ကတော့ သူရဲ့ အမြင်ကို အခုလိုပြောပါတယ်။

" အစိုးရ အဆက်ဆက်က ကျမတို့ လယ်သမားတခုထဲကိုပဲ ကန့်သတ်ပြီးတော့ ဒီတခုထဲကိုပဲလုပ် ၊ ကျန်တဲ့ဟာ ဝင်မပါနဲ့ ၊ ကိုယ်အလုပ်ကိုယ်ပဲလုပ် ဆိုတဲ့ ပုံစံမျိုးတွေ ကျမတို့ကို ပြောတာရှိတယ်။ လယ်သမားအရေးကို ပဲလုပ်ပါ၊ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးဆိုတာ မဟုတ်ပါဘူး။ လယ်သမားအလုပ်ဆိုတာမျိုးက ကျမတို့ရဲ့ အဖွဲ့အစည်း ။ လယ်ယာမြေ ပြသာနာ ဖြေရှင်းတယ်။ နည်းပညာပေးတယ်။ လူအခွင့်အရေး ချိုးဖောက်တာတွေကို ကူညီဆောင်ရွက်သွားမယ်ဆိုပြီး ကျမတို့က မူကိုချထားတယ်။ ဒီတောင်သူလယ်သမားတွေ ကျေးလက်နေ ပြည်သူလူထုတွေရဲ့ စီးပွားရေး၊ကျန်းမာရေး၊ လူမှုရေး ၊ ကျန်းမာရေး ၊ လူမှုရေး အကျပ်အတည်းအားလုံးဟာ နိုင်ငံရေးပါပဲ။ နိုင်ငံရေးဆိုတာမျိုးကို မပတ်သက်လို့ မရပါဘူး။ နိုင်ငံရေးကို ပတ်ကို ပတ်သက်ရမှာပါ။ လယ်သမားအလုပ်ဟာ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးဆိုတာကတော့ အဓိပ္ပါယ် မရှိပါဘူး"

၂၀၀၄ခုနှစ်က ဧရာဝတီတိုင်းအတွင်း ကိုယ်ပိုင်လယ်ယာမြေအသိမ်းခံခဲ့ရတဲ့ လယ်သမားတဦးကိုတွေ့ရစဉ်

တပြိုင်တည်းမှာပဲ နိုင်ငံရေး ကိစ္စတွေကို ပါဝင်လုပ်တာတွေဟာ တောင်သူလယ်သမားအရေး ဆောင်ရွက်ရာမှာ အားနည်းလာနိုင်တယ်ဆိုတဲ့ အမြင်တွေကလည်း ပေါ်ထွက်လာပါတယ်။ သိုသော်လည်း တဖက်ကလည်း နိုင်ငံရေးသမားတွေ ကိုယ်တိုင်က တောင်သူလယ်သမား သမဂ္ဂ အတော်များများကို ဖွဲ့စည်းရာမှာ ပါဝင်ပတ်သက်နေတဲ့အတွက်ကြောင့် နိုင်ငံရေးကိစ္စတွေက ရောထွေးနေတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ အဲဒီလို အခြေအနေတွေ နဲ့ ပတ်သက်ပြီး မကွေးတိုင်း အခြေစိုက် တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတဦးက အခုလိုပြောပါတယ်။

" မြန်မာနိုင်ငံမှာက တောင်သူလယ်သမားအဖွဲ့အစည်းတွေကို ဦးစီးဦးဆောင်လုပ်ပြီး ဖွဲ့ပေးတာက နိုင်ငံရေးသမားတွေကပဲ ဖွဲ့ပေးတဲ့အခါကြတော့ တောင်သူလယ်သမား အဖွဲ့အစည်း ၊ တောင်သူလယ်သမား သမဂ္ဂ အတော်များများက နိုင်ငံရေး တိုက်ပွဲတွေကြားမှာပဲ ပျော်မွေ့ခဲ့ကြရတယ်။ တကယ့် တောင်သူအရေးကို ဟုတ်တိပတ်တိလုပ်ခဲ့ရတာ သိပ်မရှိဘူးလို့ ကျနော် အဲဒီလိုပဲ သုံးသပ်တယ်။ တက်ကြွတဲ့ တောင်သူတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် မြေသိမ်းခံရတဲ့ တောင်သူတွေက စာတင်လို့မရရင် သပိတ်တိုက်ပွဲတွေနဲ့ သွားမယ်။ Signature Campagin ၊ Poster Campagin နဲ့ သွားမယ်။ အစရှိသဖြစ်ပေါ့။ အဲဒီအပေါ်မှာ နိုင်ငံရေး တိုက်ပွဲတွေအပေါ်မှာပဲ ရောက်သွားကြတယ်။ တောင်သူတွေ လက်ငင်းခံစားနေရတဲ့ စိုက်ပျိုးရေးနည်းပညာ မပြည့်စုံတာတွေ၊ မြေဆီသြဇာ ခမ်းခြောက်တာတွေကို မြေပြင်ရမဲ့ နည်းပညာ မတတ်တာတွေ ၊ ထွက်လာတဲ့ သီးနှံတွေကို ဈေးကွက်ရှာဖွေရေးကို သူတို့ အားမစိုက်နိုင်တာတွေ၊ အဲဒီလို လမ်းကြောင်းတွေ လွဲကုန်တယ်လို့ သုံးသပ်ပါတယ်။ သူတို့ဒီလိုလုပ်လို့ အဲဒီဖက် ရောက်သွားတာကို ကျနော်အပြစ်ပြောတာမဟုတ်ပါဘူး။ တကယ်တောင်သူဘဝကို တိုးတက်စေချင်တယ်ဆိုလို့ရှိရင်တော့ နိုင်ငံရေး နဲ့ ကင်းနိုင်သမျှကင်းပြီးမှ သူတို့ လက်ငင်း လိုအပ်ချက်တွေကိုလိုက်ပြီး ဖြည့်ဆည်းဖို့ လိုတာပေါ့ဗျာ"

တောင်သူလယ်သမား သမဂ္ဂတွေကို နိုင်ငံရေးသမားတွေ က ဦးဆောင်ဖွဲ့စည်းတာတွေရှိသလို ၊ တဖက်မှာလည်း ဆန်စပါး အပါအဝင် စိုက်ပျိုးရေးထွက်ကုန်လုပ်ငန်းရှင် ခရိုနီးတွေက ဦးဆောင်ဖွဲ့စည်းထားတဲ့ တောင်သူလယ်သမား သမဂ္ဂ ဒါမှမဟုတ် အဖွဲ့အစည်းတွေ လည်းရှိပါတယ်။ ခရိုနီတွေက ဖွဲ့စည်းထားတဲ့အတွက်လည်း ဈေးကွက်ကို ထိန်းချုပ်ရေးတွေအတွက်လည်း ဖြစ်လာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အရင် မကွေးတိုင်းမှာ အခြေစိုက်ပြီး တောင်သူလယ်သမားအရေး ဆောင်ရွက်နေရာကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ကရင်နီပြည်က တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ရာဒေသမှာ ပြောင်းရွေ့သွားတဲ့ ကျေးလက်မြေအဖွဲ့ ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဇော်မင်းထိုက် က အခုလိုပြောပါတယ်။

"တောင်သူလယ်သမား နဲ့ နိုင်ငံအရေးဆိုတာ လုံးဝခွဲခြားမရပါဘူး။ တောင်သူလယ်သမားဆိုတာကလည်း နိုင်ငံအရေးမှာ ထဲထဲဝင်ဝင် ပါဝင်သင့်တယ်ထင်ပါတယ်။ တောင်သူလယ်သမားအရေးကို တောင်သူတွေအတွက် သီးသန့်တခုတည်းလုပ်တဲ့သူတွေကို ကျနော် အားမပေးဘူး။ သမဂ္ဂတိုင်းကိုတော့ ဆိုလိုတာတော့ မဟုတ်ဘူးပေါ့နော်။ တောင်သူလယ်သမားဟာ တောင်သူလယ်သမားတခုထဲကို သီးသန့်ပဲလုပ်မယ်ဆိုတဲ့သူတွေကတော့ တောင်သူလယ်သမား သမဂ္ဂလို့ ဖွဲ့ပြီးတော့ သူတို့က ဘာလုပ်လဲဆိုရင် ဈေးကွက်ကအစ ထိန်းချုပ်ကစားဖို့ ဖွဲ့ထားတဲ့ သမဂ္ဂတွေလည်း ရှိပါတယ်။ ဒီလိုဟာတွေကျတော့ တောင်သူအကျိုးကို ပြည်သူလူထု့အကျိုးကို သူတို့က အကျိုးရှိရှိသယ်ပိုးချင်လို့ ၊ ပြည်သူတွေကို ကူညီချင်လို့မဟုတ်ပဲနဲ့ အလိုကျ သမဂ္ဂတွေလည်း ရှိပါတယ်ဗျ "

ရှမ်းပြည်နယ် ရွှေညောင်မြို့နယ်အတွင်းက ရဲဘူရွာအပြင်ဘက် ယာခင်းတွေထဲ လမ်းလျှောက်နေတဲ့ တောင်သူများ (သြဂုတ် ၂၅၊ ၂၀၁၆)

ဒါပေမယ့်လည်း တောင်သူလယ်သမား သမဂ္ဂတွေ အနေနဲ့ တောင်သူလယ်သမားအရေးတခုတည်းကို လုပ်ရင် အစိုးရပိုင်း နဲ့ ဆက်သွယ်တဲ့အခါမှာလည်း ပိုမိုလေးစားမှုရနိုင်တယ်ဆိုတဲ့ အမြင်တွေကလည်း ရှိကြပါတယ်။ အဲဒီလို လုပ်လိုက်တဲ့အတွက်ကြောင့် တောင်သူလယ်သမားတွေ နဲ့ အစိုးရကြားမှာ ဆက်စပ်မှုပေးနိုင်ရာရောက်ပြီး နိုင်ငံရေးပါလာရင် နိုင်ငံရေးပါတီတွေ အလိုကျဖြစ်သွားနိုင်တယ်လို့လည်း ယူဆနေတဲ့ သမဂ္ဂ ခေါင်းဆောင်တွေလည်း ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မကွေးတိုင်း ယောဒေသ က တောင်သူလယ်သမား သမဂ္ဂခေါင်းဆောင်တဦးက အခုလိုပြောပါတယ်။

" ကျနော်တို့ တောင်သူလယ်သမားသမဂ္ဂ ဆိုတာကတော့ တောင်သူလယ်သမား အခန်းကဏ္ဍကို အဓိက ဦးစားပေးသင့်တယ်။ နိုင်ငံရေးတို့ ဘာတို့ ဝင်ရောက်စွက်ဖက်ရင် ကျနော်တို့ တောင်သူလယ်သမားသမဂ္ဂ ရေရှည်ရပ်တည်နိုင်မှုမရှိနိုင်ဘူး။ တောင်သူလယ်သမား သမဂ္ဂဆိုတာ သီးသန့် တောင်သူလယ်သမားအရေးမှာပဲ ရပ်တည်ပြီး နေသင့်တယ်။ တောင်သူလယ်သမားအရေးမဟုတ်ပဲ နဲ့ တခြား အခန်းကဏ္ဍတွေမှာ ပါနေမယ်ဆိုလို့ရှိရင် ဖြူစင်သန့်ရှင်းတဲ့ ရည်ရွယ်ချက်လေးကနေ နောက်ကျတော့ တောင်သူတွေရဲ့ ယုံကြည်ရာမရပဲနဲ့ တဖြေးဖြေးနဲ့ အားနည်းသွားတာပေါ့ဆရာ။ နေရာတကာပါဝင်လာတော့ အစိုးရ အဖွဲ့အစည်းကလည်း ယုံကြည်မှုတွေ ပျောက်လာခဲ့တာပေါ့။ ဘာမှ လုပ်ရကိုင်ရတာ အဆင်မပြေဘူး။ ဒီလူတန်းစားတခုထဲ ဇောင်းမပေးဘူးဆိုလို့ရှိရင်တော့ နေရာတကာပါနေမယ်ဆိုရင် ကျနော်တို့ ဒီအသင်းအဖွဲ့ကတော့ တဖြေးဖြေးနဲ့ ဒီအသင်းအဖွဲ့ကတော့ ပြုတ်ကျမှာ "

လက်ရှိ စစ်ကောင်စီအုပ်ချုပ်နေစဉ်မှာတော့ တောင်သူလယ်သမားသမဂ္ဂတွေ နဲ့ ပတ်သက်ပြီး တစုံတရာ ပြောဆိုတာမရှိပေမယ့်လည်း တရားဝင် လှုပ်ရှားမှုအားလုံးကိုတော့ လုပ်လို့မရကြပါဘူး။ အရင်စစ်အစိုးရတွေ နဲ့ အမျိုးသား ဒီမိုကရေစီအစိုးရ NLD လက်ထက်တွေမှာလည်း ၂ဝဝ၈ အခြေခံဥပဒေ အောက်ကနေ သင်းပင်းဖွဲ့စည်းနိုင်မှုဆိုတဲ့ ဥပဒေအောက်ကနေပဲ ဖွဲ့စည်းခွင့်ပြုထားပါတယ်။ ဒါပေမယ်လည်း တောင်သူလယ်သမားအဖွဲ့အစည်း ဒါမှမဟုတ် အသင်းအဖွဲ့ စတာတွေကို တရားဝင် စာအားဖြင့် ခွင့်ပြုပေးထားပေမဲ့ သမဂ္ဂ ဆိုတဲ့အသုံးအနှုန်းကိုတော့ စာအားဖြင့် ခွင့်ပြုခြင်းမရှိပါဘူး။ အဲဒီလိုအနေအထားကြောင့် သမဂ္ဂဆိုပြီး မိမိဖာသာ ပြန်လည် ခေါ်ဆို၊ ပြန်လည် သတ်မှတ်ကြရတာဖြစ်ပါတယ်။ ဒါအပြင် ၁၉ ၆၂ မတ်လ ၂ ရက် ဗိုလ်ချုပ်ကြီးနေဝင်း ပထမအကြိမ် စစ်အာဏာသိမ်းခဲ့တဲ့ နေ့ကို အစွဲပြု သတ်မှတ်တဲ့ တောင်သူလယ်သမားနေ့ ကိုလည်း တောင်သူလယ်သမား သမဂ္ဂ အတော်များများက အခုတခါ စစ်အာဏာသိမ်းတဲ့အချိန်အထိ အသိအမှတ်ပြုပြီး တောင်သူလယ်သမား နှီးနှော်ဖလှယ်ပွဲတွေ ပြုလုပ်ကြတာလည်းရှိပါတယ်။ ဒါကို တောင်သူလယ်သမား သမဂ္ဂတချို့က ဆရာစံ တောင်သူလယ်သမား သူပုန်ထတဲ့နေ့ အပါအဝင် ထူးခြားတဲ့နေတွေထဲကမှ တောင်သူလယ်သမားနေ့အဖြစ် ပြန်လည်သတ်မှတ်ကြဖို့ စဉ်းစားဆွေးနွေးနေစဉ်မှာ စစ်အာဏာသိမ်းမှုကြောင့် အစီအစဉ်တွေ ပျက်ကုန်ခဲ့ကြရပါတယ်။